သထုံ မေ ၅
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်ရှိ ပဏ္ဍိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် သာသနဓဇသိရီပဝရဓမ္မာစရိယ ဝိနယပါဠိပါရဂူ BA ဘဒ္ဒန္တပညိန္ဒမဟာထေရ်မြတ်ကြီးအား ဝေဠုဝန်နိကာယဂိုဏ်း၏ ပန္နရသမ(၁၅)ကြိမ်မြောက် ဂဏာဓိပတိ (သမုတိသာသနာပိုင်)အဖြစ် ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါကျောင်းတိုက် ဓမ္မရတနာဃရကျောင်းတော်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်ကြီးများနှင့်တကွ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တက်ရောက်လာသူများက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီးဝေဠုဝန်နိကာယဂိုဏ်း၏ ပန္နရသမမြောက် ဂဏာဓိပတိသာသနာပိုင်၊ ပဏ္ဍိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညိန္ဒမဟာထေရ်မြတ်ကြီးထံမှ သီလခံယူဆောက်တည်ကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အလှူရှင်တို့က ဆရာတော်ကြီးများထံလှူဖွယ်များ ဆက်ကပ်လှူဒါန်းပေးကြပြီး ဝေဠုဝန်နိကာယဂိုဏ်း ဗဟိုအကျိုးတော်ဆောင်ချုပ်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတက သာသနာပိုင် ဘွဲ့တံဆိပ်တော်ဆက်ကပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားပေးကာ ဝေဠုဝန်နိကာယဂိုဏ်း၏ ပန္နရသမမြောက် ဂဏာဓိပတိသာသနာပိုင် ဘွဲ့တံဆိပ်တော်နှင့် ဘွဲ့လက်မှတ်တို့အား ပဏ္ဍိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် သာသနဓဇသိရီပဝရဓမ္မာစရိယ ဝိနယပါဠိပါရဂူ BA ဘဒ္ဒန္တပညိန္ဒမဟာထေရ်မြတ်ကြီးထံ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဆက်ကပ်ပေးခဲ့သည်။
ဆက်လက်၍ သာသနာပိုင်ဆရာတော်ကြီး၏ ထေရုပတ္တိအကျဉ်းအားဖတ်ကြားခြင်း၊ ဆရာတော်ကြီး၏ ဩဝါဒကထာအား ဖတ်ကြားခြင်း၊ ဂဏာဓိပတိဂုဏဝိသိဋ္ဌပူဇာ ဂုဏ်ပြုလွှာဂါထာ ဖတ်ကြားပူဇော်ခြင်းတို့ကို သံဃာတော်အသီးသီးတို့မှ ဆောင်ရွက်ပေးတော်မူကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သာသနာရေးဆိုင်ရာ ဆောင်ရွက်ချက်များကို တင်ပြလျှောက်ထားသည်။
ယင်းနောက် မော်လမြိုင်မြို့၊ မြစေတီရဲကျောင်းဆရာတော် သာသနဓဇ သိရီပဝရ ဓမ္မာစရိယ ဝိနယပါဠိပါရဂူ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ ရေစက်ချအနုမောဒနာတရား နာကြားကြပြီး ပူဇော်ပွဲကျင်းပရေးကော်မတီဝင်တစ်ဦးက ကျေးဇူးတင်ဝမ်းမြောက်စကား ပြေကြားကာ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့ကြသည်။
ဝေဠုဝန်နိကာယဂိုဏ်းကို စတင်တည်ထောင်ချိန်မှစ၍ ယနေ့အချိန်အထိ သီလ၊ သမာဓိ၊ ပညာဂုဏ်တို့ဖြင့်ပြည့်စုံသော ဆရာတော်ကြီးများကို ဂဏာဓိပတိ (သမုတိသာသနာပိုင်)အဖြစ် အစဉ်အဆက် တင်မြှောက်ပူဇော်ခဲ့ရာ ၁၅ ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ပြီး ယင်းတို့အနက် သထုံမြို့နယ်မှ ၃ ပါး၊ ကျိုက်ထိုမြို့နယ်မှ ၁ ပါး ချောင်းဆုံမြို့နယ်မှ ၂ ပါး စုစုပေါင်း မွန်ပြည်နယ်မှ ၅ ပါး သမုတိသာသနာပိုင်အဖြစ် တင်မြှောက်ပူဇော်ခံခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)