မလှိုင် မေ ၅
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ “ဇေယျာအောင်သံ” အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်က ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှပေးပို့သော (၇၈)နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ မိန့်ခွန်းအား ဖတ်ကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာအကြီးအကဲများ ၊ မြို့မိမြို့ဖများ ၊ ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇေယျာအောင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား(၁၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနား တက်ရောက်လာသူများအား ဆီချက်ခေါက်ဆွဲ၊ ကော်ဖီများဖြင့် ဧည့်ခံခဲ့ပြီး အမှတ်တရမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် မှတ်စုစာအုပ်များပေးအပ်၍ အခမ်းအနားကို (၁၀)နာရီခွဲ အချိန်တွင် အောင်မြင်စွာကျင်းပ ပြီးစီးခဲ့ကြောင်းသိရသည်။
မလှိုင်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် (၇၈)နှစ်မြောက်မီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် မြို့နယ်မီးသတ်စခန်းတွင် မေလ(၄)ရက်နေ့ နံနက်(၅)နာရီအချိန်တွင် ထန်းတောကျေးရွာ ဂေါစကံအတွင်းရှိ ကျောင်းတိုက်ပေါင်း (၃၄)ကျောင်းမှ ပင့်သံဃာ(၃၄)ပါးတို့အား ဆွမ်း ၊ ဆွမ်းဟင်းများ ၊ သပိတ်နှင့်ဆွမ်း ၊ ဆွမ်းချိုင့်များ ဆက်ကပ်လောင်းလှူခဲ့ကြောင်း သိရသည်။
အောင်ဌေး (မလှိုင်)