မန္တလေး မေ ၅
မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနက ကျင်းပပြုလုပ်သော (၇၈)နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမတွင် ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းတင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်းထွန်း၊ ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးမှူးများ၊ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်ကြီးကြပ်မှုကော်မတီဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြသည်။
အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က အမှာစကားပြောကြားပြီး သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်တပ်ဖွဲ့ ဂုဏ်ပြုတေးသီချင်းဖြစ်သည့် "သားကောင်းမီးသတ်အာဇာနည်" သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက “စံပြ” မီးသတ်စခန်းဆု၊ အပေါ့စားမီးသတ်စက်ကလေးလေ့ကျင့်ခန်းပြိုင်ပွဲ၊ လက်နက်မဲ့စစ်ရေးပြပြိုင်ပွဲ၊ ပြင်ပသင်တန်းများတွင် ဆုရရှိကြသူများ၊ မီးသတ်ကျင့်ဝတ်ပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့် မိုခါမုန်တိုင်းဒဏ်သင့်ဒေသများသို့ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
၎င်းနောက် မီးသတ်ဦးစီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ချက်များအား Video Clip ပြသပြီး သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်တပ်ဖွဲ့ ဂုဏ်ပြုတေးသီချင်းဖြစ်သည့် မွန်မြတ်စိတ်ထား မီးသတ်သမား" သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။
အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တက်ရောက်လာကြသူများက မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများခင်းကျင်း ပြသထားမှုများကို လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သတင်းရရှိသည်။
မြင့်မော်ထွန်း(အောင်-စံ၊ပြန်/ဆက်)