မိုင်းဆတ်မြို့၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနား ကျင်းပ

မိုင်းဆတ် မေ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက် (၀၉:၀၀)နာရီက မိုင်းဆတ်မြို့နယ် မီးသတ်စခန်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက ယနေ့သည် တိုင်းရင်းသားမိဘပြည်သူများ၏ အသက်အိုးအိမ်ဥစ္စာပစ္စည်းများကို ‌မီး‌ဘေးအန္တရာယ်နှင့် အခြားသောဘေးအန္တရာယ်အမျိုးမျိုးကနေ ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်ခဲ့ပြီး သမိုင်းဂုဏ်ဒြပ် အစဉ်အလာကြီးမားစွာ ရပ်တည်လာခဲ့သည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ (၇၈)နှစ်ပြည့်မြောက် မီးသတ်တပ်ဖွဲ့နေ့ဖြစ်ကြောင်း၊ ခရစ်နှစ်(၁၀၄၄)ခုနှစ်ကတည်းက မီးသတ်တပ်ဖွဲ့များ ဖွဲ့စည်းလာသည်ကို တွေ့ရသည့်အတွက် မြန်မာနိုင်ငံ၏ မီးသတ်တပ်ဖွဲ့သမိုင်းသည် နှစ်ပေါင်း(၁၀၀၀)ရှိခဲ့သည်ကို ဂုဏ်ယူဖွယ်ရာတွေ့ရမည်ဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၏ ဂုဏ်ဒြပ်ကိုလေးစားဂုဏ်ယူပြီး နောင်နှစ်ပေါင်းများစွာ မြန်မာပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ချမ်းသာကို စောင့်ရှောက်ကာကွယ်နိုင်သည့် တပ်ဖွဲ့ကြီးအဖြစ်အဓွန့်ရှည်အောင် ကြိုးစားတည်ဆောက်သွားကြရန်လိုကြောင်း စသည်ဖြင့် မိန့်ခွန်းပြောကြားခဲ့ပြီးမီးသတ်ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကယ်ဆယ်ရေးသုံးပစ္စည်းနှင့် မီးငြိမ်းသတ်ရာတွင်အသုံးပြုသည့် စက်ပစ္စည်းများကို တာဝန်ရှိသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 အဆိုပါအခမ်းအနားသို့ အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဝင်းကျော်သန့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအားလွန်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)