စစ်တွေ မေ ၅
(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မီးသတ်တပ်ဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုများနှင့်အညီ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသည့် ရည်မှန်းချက်တာဝန်(၄)ရပ်ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်တွင် နှစ်စဉ်မီးလောင်မှုများ ဖြစ်ပွားလျက်ရှိရာ ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ (၁၀)နှစ်တာကာလအတွင်း မီးလောင်မှုအကြိမ်ပေါင်း(၈၈၉) ခန့်ဖြစ်ပွားခဲ့ပြီး ပြည်နယ်တစ်ခုလုံး ပျမ်းမျှအားဖြင့် တစ်နှစ်အတွင်းအကြိမ်ရေ (၈၈) ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုအနေဖြင့် နှစ်စဉ်(၄၀၉) သန်းခန့်ဆုံးရှုံးနေသည်ကိုတွေ့ရကြောင်း၊ ပြည်သူများအနေဖြင့်လည်း မီးဘေးအန္တရာယ်ကကင်းဝေးအောင် အသိ၊ သတိနှင့်မပေါ့မဆကြရန် ကြိုတင်ကာကွယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြား လိုကြောင်း၊ စိတ်ဓာတ်နှင့်စည်းကမ်းကောင်းမွန်မှု၊ အမိန့်နာခံတတ်မှုတို့နှင့် တည်ဆောက်ထားသည့် မီးသတ်တပ်ဖွဲ့သည် ပြည်သူကိုအလုပ်အကျွေးပြုနိုင်ပြီး ပြည်သူလူထုကချစ်ခင်လေးစားအားကိုး ယုံကြည်ရသည့် တပ်ဖွဲ့တစ်ခု ထာဝရဖြစ်နေစေရေးအတွက် တပ်ဖွဲ့ဝင်တိုင်းက မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ပြည်သူကိုအလုပ်အကျွေးပြုကြရန် ပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများကိုပေးအပ်သည်။
ထို့နောက် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဂုဏ်ပြုဗီဒီယိုမှတ်တမ်းအားပြသပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်းခင်းကျင်းပြသထားသော ရှာဖွေကယ်ဆယ် ရေးပစ္စည်းများ၊ မီးသတ်တပ်ဖွဲ့၏ ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)