ငါန်းဇွန်မြို့၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် သံဃာတော်များအား အရုဏ်ဆွမ်း ကပ်လှူပူဇော်ခြင်းအခမ်းအနားကျင်းပ

ငါန်းဇွန် မေ ၅

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်မီးသတ်ဦးစီးဌာန၌ ယနေ့နံနက်(၆)နာရီက (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ဘုရားအမှူးရှိသော သံဃာတော်များအား အရုဏ်ဆွမ်း ကပ်လှူပူဇော်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားသို့တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင် မိသားစုများသည် ကြွရောက်လာသောသံဃာတော်များထံ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး ရွှေကျောင်းမြောက်တိုက်ဆရာတော် ဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တနရပတိထံမှ ဩဝါဒခံယူ၍ သီလခံယူဆောက်တည်ကြသည်။

ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှအတမ်းပေးဝေပြီး ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြောင်း သိရသည်။  

သက်နောင်ဦး(ငါန်းဇွန်)