ပူတာအို မေ ၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ ထူးချွန်ထက်မြက်သည့် လူရည်ချွန် မောင်မယ် ကျောင်းသားကျောင်းသူများသည် လူရည်ချွန်လေ့လာရေး အပန်းဖြေစခန်းများသို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြပြီး ယမန်နေ့ ညနေ(၆)နာရီတွင် ပူတာအိုမြို့သို့ ပြန်လည်ရောက်ရှိလာရာ ပူတာအိုလေဆိပ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ကျောင်းသားကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ဂုဏ်ပြုကြိုဆိုရာတွင် လူရည်ချွန်မောင်မယ်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးသိန်းထွေးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းညွန့်၊ မြို့နယ်ပညာရေးမှူး ဦးဝင်းဆွေနှင့်ဆရာ ဆရာမများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများက ဂုဏ်ပြုပန်းစည်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြခြင်းဖြစ်သည်။
ပူတာအိုခရိုင်မှ လူရည်ချွန်မောင်မယ်များတွင် ပူတာအိုမြို့နယ်မှ လူရည်ချွန်(၇)ဦး၊ နောင်မွန်းမြို့နယ်မှ လူရည်ချွန်(၁)ဦး စုစုပေါင်း (၈)ဦး ဖြစ်ပြီး ၎င်းလူရည်ချွန် (၈) ဦးတွင် Grade-9 မှ လူရည်ချွန်မောင်မယ် (၂) ဦး၊ Grade-10 မှ လူရည်ချွန်မောင်မယ် (၂) ဦး၊ Grade-11မှ လူရည်ချွန်မောင်မယ် (၂)ဦး၊ Grade-12 မှ လူရည်ချွန်မောင် မယ်(၂)ဦးဖြစ်ကြောင်း သိရသည်။
အဆိုပါ လူရည်ချွန်ကျောင်းသားကျောင်းသူများသည် ပုဂံ၊ တောင်ကြီး၊ ငွေဆောင်နှင့် ချောင်းသာ လူရည်ချွန်လေ့လာရေး အပန်းဖြေစခန်းများသို့ သွားရောက်လေ့လာခဲ့ကြပြီး မေလ (၄) ရက်နေ့က မန္တလေးလေဆိပ်မှ ပူတာအိုလေဆိပ်သို့ Air KBZ (အဲယားကမ္ဘောဇ) လေကြောင်းလိုင်းဖြင့် ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)