ငြိမ်းချမ်းရေးဓမ္မစကူးလ်နှင့် ယဉ်ကျေးလိမ္မာသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများအား အချိုရည်နှင့် မုန့်များ လှူဒါန်း

 

မန္တလေး မေ ၅

မန္တလေးတိုင်းဒေသကြီး တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်မှုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့က ငြိမ်းချမ်းရေးဓမ္မစကူးလ်နှင့် ယဉ်ကျေးလိမ္မာ သင်တန်းကျောင်းတွင် တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများအား အာဟာရကျွေးမွေးလှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ နှစ်နာရီက မန္တလေး၊ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၅၅လမ်း၊ ၃၁×၃၂ လမ်းကြား၊ ငြိမ်းချမ်းရေးဓမ္မစကူးလ်နှင့် ယဉ်ကျေးလိမ္မာသင်တန်းကျောင်း၌ ပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်မှုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့  နာယက ဒေါ်မမ၊ နာယကအဖွဲ့ဝင်များ ဖြစ်ကြ‌သော တိုင်းဒေသကြီးတရားလွှတ်တော်၊ တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေနှင့် တိုင်းဒေသကြီးဝန်ကြီးများ​၏ ဇနီးများ၊ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဒေါ်မီမီစိုး၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်သန္တာဘုန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်များမှ အသင်းဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ငြိမ်းချမ်းရေးဓမ္မစကူးလ်နှင့် ယဉ်ကျေးလိမ္မာသင်တန်းကျောင်း ဦးဆောင်ဆရာတော် ဘဒ္ဒန္တနရိန္ဒအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းတွင် တက်ရောက်နေကြသော ရှင်သာမဏေ(၂၁)ပါး၊ ကျောင်းသား/သူ(၆၀)ဦး တို့အား မုန့်မျိုးစုံ နှင့်အချိုရည်များ အာဟာရဒါန ကုသိုလ်ပြု လှူဒါန်းကြသည်။

ထို့နောက် ဝန်ကြီးချုပ်၏ ဇနီး၊ နာယကနှင့် အဖွဲ့ဝင်များအား ကျောင်းသား/ကျောင်းသူများက ယဉ်ကျေးလိမ္မာ ကဗျာများ ရွတ်ဆိုပြကြ‌ကြောင်း သိရသည်။_

မြင့်မော်ထွန်း(ပြန်/ဆက်)