ဒဂုံတောင် မေ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ မြို့နယ်အတွင်းသန့်ရှင်းသာယာလှပရေး၊ စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေး၊ လေကောင်းလေသန့်ရရှိရေး၊ အလင်းရောင်ကောင်းစွာရရှိရေး၊ ခြင်မှတစ်ဆင့် ကူးစက်ရောဂါများမှ ကာကွယ်နိုင်စေရန်နှင့် သန့်ရှင်းသာယာလှပစေရန်ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၇)နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ စိုက်မွေ(၁)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(စိုက်မွေး)၊ ရွာသာကြီးရပ်ကွက်အမှတ်(၂)လမ်းရှိ ရွာသာကြီးစီးပွားရေးတက္ကသိုလ်နှင့် (၂၆)ရပ်ကွက်ရှိယဉ်ကျေးမှုတက္ကသိုလ်တို့တွင် တပ်မတော်သားများ၊ မြို့နယ်စည်ပင်၊ မြို့နယ်မီးသတ်၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ ပရဟိတအသင်းများစုပေါင်းကာလူအင်အား၊ စက်အင်အားတို့ဖြင့် ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းပေးခြင်း၊ အုပ်မိုးကိုင်းများ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ မြေသားကန်များတူးဖော်ရှင်းလင်းဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ပေးကြကြောင်း သတင်းရရှိသည်။ ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ (၂၆)ရပ်ကွက်ရှိ ယဉ်ကျေးမှုတက္ကသိုလ်တွင် ဆောင်ရွက်နေမှုများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်ဦးဗိုလ်ဌေးသည် ဒုတိယဌာနမှူးများ၊ ဒဂုံမြို့သစ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒဂုံမြို့သစ်ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါ၍ လာရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးကော်မတီဦးဆောင်ကာ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို စာသင်ကျောင်းများတွင် နွေရာသီကျောင်းပိတ်ရက်အတွင်း နေ့စဉ်အလှည့်ကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းသန်းအေး