ဒဂုံတောင် မေ ၅
ကလေးငယ်လေးများ ငယ်စဉ်ဘဝမှစ ကျန်းမာဖွံ့ဖြိုးပြီး ရောဂါကင်းရှင်းစေရန် ရည်ရွယ်ချက်ဖြင့် အသက်(၁)နှစ်အောက်နှင့် အသက်(၂)နှစ်အောက်ရှိ ကာကွယ်ဆေးထိုးရန် ကျန်ရှိသော ကလေးငယ်များအား ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန သိမ်ကျောင်း ကျေးလက်ကျန်းမာရေး ဌာနခွဲနှင့် စိုက်မွေး(၁)ကျေးလက်ကျန်းမာရေး ဌာနခွဲတို့တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးပေးခြင်းများကို တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များအား ကိုယ်အလေးချိန် (ပေါင်) ချိန်ပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ ဆုံဆို့နာ၊ ကြက်ညှာ ချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမှေးရောင်ရောဂါ စသည့် ရောဂါများမှ ကာကွယ်နိုင်သည့် ငါးမျိုးစပ် ကာကွယ်ဆေးများအား ကလေးများ၏ အရွယ်အလိုက် သတ်မှတ်အကြိမ်များ ထိုးနှံပေးခြင်းနှင့် ပိုလီယိုကာကွယ်ဆေးများလည်း အစက်ချ တိုက်ကျွေးပေးကြောင်း သိရသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ကျွေးပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပြီး ကလေးငယ်များအား စနစ်တကျ ထိုးနှံပေးကြောင်း သိရသည်။
သန်းသန်းအေး