နောင်ချို မေ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် မီးသတ်ဦးစီးဌာနမှ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ဆိုင်းဘုတ်တင်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကျော်လင်းနှင့် ဝန်ထမ်းများမှ အဆိုပါရုံးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆိုင်းဘုတ်ပိုစတာတွင် မီးသတ်ဦးစီးဌာန၏ မီးငြိမ်းသတ်ရေးလုပ်ငန်းစဥ်များ၊ သဘာဝဘေးကယ်ဆယ်ရေးဆောင်ရွက်ချက်များ၊ မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ချက်များကို ထည့်သွင်းဖော်ပြထားပြီး မီးသတ်တပ်ဖွဲ့နေ့အကြို ပြည်သူ့အကျိုးပြုလုပ်ငန်းဖြစ်သည့် သံသရာအေးစေတီတော်၌ မီးသတ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ စုပေါင်း၍ ဘုရားရေသပ္ပါယ်ခြင်း၊ ဘုရားရင်ပြင်ပေါ်၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့တွင်လည်း ဆရာတော်သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ ဌာနဆိုင်ရာများအား ဧည့်ခံကျွေးမွေးခြင်းတို့ဖြင့် မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
ထွေးငယ်(ပြန်/ဆက်)