မိုင်းဆတ် မေ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေစီမံကိန်း VDP စီမံကိန်း၊ Smart Village စီမံကိန်း အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများ သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်က အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းစိုးဌေးက မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်နိုင်ရန်ရည်ရွယ်၍ မြို့နယ်အဆင့်စီမံကိန်းသုံးသပ်ဆွေးနွေးပွဲအခမ်းအနား ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အလိုက်ဆောင်ရွက်ခဲ့သည့်ကျေးရွာများမှ တက်ရောက်လာသော (MSY/ VRFP/ VDP/ RBF/ Smart Village) စီမံကိန်းနှင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများ သုံးသပ်ဆွေးနွေးပွဲအခမ်းအနားတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာကော်မတီဝင်များက စီမံကိန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများ၊ ဆက်လက်ဆောင်ရွက်လိုသည့်လုပ်ငန်းများကိုတင်ပြကြရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။
ခိုင်သဲစုပိုင်(မိုင်းဆတ်)