ဘိုကလေးမြို့နယ်တွင် မိချောင်းဆွဲခံရသူအား ဆေးဝါးကုသစရိတ်ထောက်ပံ့

ဘိုကလေး မေ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ရေကျော်တိုးကျေးရွာအုပ်စု၊ ရွာသာအေးကျေးရွာတွင် နေထိုင်သူ အသက်(၃၀)အရွယ်ရှိ ကိုမိုးဝင်းဆိုသူသည် မေ(၂)ရက်နေ့ ညနေပိုင်း၌ ၎င်းကျေးရွာရှိ ဖိုးခွေးရိုးဝဲချောင်းအတွင်း ရေချိုးဆင်းရာမှ မိချောင်းဆွဲခံခဲ့ရပြီး မိချောင်းရန်မှ ရုန်းကန်၍ အသက်ဘေးလွတ်မြောက်ခဲ့သော်လည်း မိချောင်းဆွဲခံရမှုကြောင့် ရရှိသောဒဏ်ရာများအား ရွာနှင့် နီးစပ်ရာ ဖျာပုံမြို့နယ်၊ ကျုံကဒွန်းတိုက်နယ်ဆေးရုံတွင် ဆေးဝါးကုသမှုခံယူလျက်ရှိရာ ယမန်နေ့ညနေပိုင်း၌ ဘိုကလေးမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆေးဝါးကုသစရိတ် သွားရောက်ထောက်ပံ့ခဲ့သည်။

ထောက်ပံ့ရာတွင် ဆေးဝါးကုသမှုခံယူလျက်ရှိသော ဖျာပုံမြို့နယ်၊ ကျုံကဒွန်းတိုက်နယ်ဆေးရုံသို့ အရောက်သွား၍ ဆေးဝါးကုသစရိတ်အဖြစ် ငွေကျပ်(၅)သောင်းအား ကာယကံရှင်၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ယခုဆေးဝါးကုသမှုခံယူနေသည့် ကိုမိုးဝင်းအားဆွဲသည့် မိချောင်းမှာ အရှည်(၁၆)ပေ၊ ဗြက်(၃)ပေခန့်ရှိသော် မိချောင်းကြီးတစ်ကောင်ဖြစ်ကြောင်း ကာယကံရှင်ထံမှ သိရှိရပြီး ယခုကာလ ဧပြီလမှ ဇွန်လအတွင်း ကာလသည် မိချောင်းများ၏ မိတ်လိုက်ရာသီ ဖြစ်သဖြင့် မိချောင်းများ ကျင်လည်ရာ ဒီရေတောများနှင့် ဆက်စပ်ရာဒေသများ၊ ရေချိုရေငန်စပ်ဒေသများ၊ မိန်းမလှကျွန်းတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောနှင့် ဆက်စပ်ရာဒေသများတွင် မိချောင်းအန္တရာယ်အား အထူးသတိထားရန် လိုအပ်ပေသည်။

မိုးစက်(ဘိုကလေး)