မာန်အောင်မြို့ မဟာဓမ္မိကာရုံဆရာတော် သက်တော်(၇၃)နှစ်ပြည့် ဝိဇာတမင်္ဂလာမွေးနေ့အလှူပွဲကျင်းပ

မာန်အောင် မေ ၄

ရခိုင်ပြည်နယ် မာန်အောင်မြို့ မဟာဓမ္မိကာရုံကျောင်းတိုက်ဆရာတော် (မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ) ဘဒ္ဒန္တဝိစိတ္တသာရ၏ သက်တော်(၇၃)နှစ်ပြည့် ဝိဇာတမင်္ဂလာမွေးနေ့အလှူပွဲကို ယနေနံနက် ၇ နာရီခွဲက အဆိုပါကျောင်းတိုက်၌ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ အခမ်းအနားကို သံဃာတော်များနှင့် ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကြပြီး ကုန်းခင်ကျောင်း ဆရာတော်ဘဒ္ဒန္တပညိန္ဒထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် သံဃာတော်များက မေတ္တသုတ်ပရိတ်တရားတော်ကို ချီးမြှင့်ကြပြီး ကုန်းခင်ကျောင်း ဆရာတော်ဘဒ္ဒန္တပညိန္ဒထံမှ သာဓုအနုမောဒနာတရားတော်မြတ်ကို နာယူ၍ လှူဒါန်းမှုတို့အား ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့ပြီး ပင့်သံဃာတော်များအား အလှူဖွယ်ဝတ္တု ဆက်ကပ်လှူဒါန်းခြင်း၊ ပရိတ်သတ်များအား မုန့်တီအဟာရ ကျွေးမွေးလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)