မိုင်းပန် မေ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် အောက်စဖို့ဒ်ဆရာတော်အမှူးပြု၍ ရှမ်းပြည်နယ်ပရိယတ္တိသဒ္ဓမ္မပါလပညာရေးအဖွဲ့မှ ဦးစီးကျင်းပသော သာမဏေများအတွက် ပရိယတ္တိနွေရာသီသင်တန်းပိတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲအချိန်က မွေတော်ကျောင်းတိုက်၊ ဓမ္မရောင်ခြည်ဥပုသ်သည်ဇရပ်၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်နှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား စတင်ဖွင့်လှစ်ခဲ့ကြပြီး မွေတော်ပရိယတ္တိ စာသင်တိုက်အုပ်ဆရာတော်ထံ ငါးပါးသီလခံယူတည်ဆောက်ခဲ့ကြသည်။ ထို့နောက် ဆရာတော်ကြီးများဖြစ်ကြသော ကုန်းပင်းကျောင်းဆရာတော်၊ လွိုင်နွဲ့ကျောင်းဆရာတော်၊ မွေတော်တိုက်အုပ်ဆရာတော်ထံ ဩဝါဒခံယူခဲ့ကြပြီး ဘာသာရပ်အလိုက် သင်ကြားပေးသော ဆရာ/ဆရာမများအားလုံး၏ကိုယ်စား အထက်တန်းကျောင်းအုပ်ကြီး(ငြိမ်း) ဆရာကြီးဦးဟန်ဋ္ဌေးက ချီးမွမ်းစကားပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာ/ဆရာမများအား ဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်းနှင့် သင်တန်းသာကိုများအား ဂုဏ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်ပေးခဲ့ကာ သင်တန်းသားကိုရင် (၅)ပါးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
အဆိုပါ သာမဏေများ ပရိယတ္တိနွေရာသီသင်တန်းကို စာချဆရာတော်များ၊ ဆရာ/မများတို့က ၂၀၂၄ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့မှ မေလ(၃)ရက်နေ့အထိ ရက်ပေါင်း(၅၀) ရက်တိတိ သင်တန်းပို့ချပေးခဲ့ပြီး ပါဠိဘာသာ၊ မြန်မာစာဘာသာ၊ အင်္ဂလိပ်စာဘာသာ၊ သင်္ချာဘာသာတို့ကို အထူးပြုသင်ကြားပေးခဲ့ကြောင်းနှင့် ဌာနဆိုင်ရာများ၊ အသိပညာရှင်များတို့ကလည်း အသိပညာဆိုင်ရာဗဟုသုတများ ပညာပါရမီဖြစ်ဒါနပြုခဲ့ကြကြောင်းလည်း သင်တန်းနည်းပြဆရာမ ဒေါ်နန်းအေးအေးနိုင်ထံမှ သိရှိရသည်။
နော်မှိုင်း(ပြန်/ဆက်)