ကျိုက်မရော၌ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကျန်းမာရေးအသိပညာပေးသင်တန်းဖွင့်

ကျိုက်မရော မေ ၄

မွန်ပြည်နယ်၊  ကျိုက်မရောမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော  နွေရာသီကျောင်းပိတ်ရက်ရှည်ကာလ၌ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက အ.ထ.က ကျိုက်မရော(ပညာအားမာန်)ခန်းမ၌ ပြုလုပ်သည်။

ဦးစွာ မြို့နယ်ပညာရေးမှူးဒေါ်စုစုဌေးက ကျောင်းသား၊ ကျောင်းသူများ မူလတန်းအရွယ်မှစ၍ အသက်အရွယ်အလိုက် ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုဘဝဟန်ပန်ပုံစံများ သိရှိကျင့်သုံးတတ်စေရန် အသက်အုပ်စုအလိုက်သိရှိရမည့် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ရာသီအလိုက်ဖြစ်တတ်သောရောဂါများ၊ ကျောင်းသားအရွယ်တွင်အဖြစ်များသော ရောဂါများကိုသိရှိပြီး ကြိုတင်ကာကွယ်ရေးနည်းလမ်းများ အသုံးချနိုင်စေရန်ရည်ရွယ်၍  ကျင်းပရခြင်းဖြစ်ကြောင်း၊ နွေရာသီကျောင်းပိတ်ရက်ကာလကို အကျိုးရှိစွာ အသုံးချတတ်စေရန် သင်တန်းတွင်ပို့ချသော ကျန်းမာရေးသင်ခန်းစာများကို မိမိ မိသားစုဝင်များ၊ အတန်းဖော်များနှင့်အတူ လက်တွေ့ကျင့်သုံးလိုက်နာကြရန် ပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ အသက်  ၁၅ နှစ်အထက် ကျောင်းသားကျောင်းသူ(၄၈)ဦး၊ အသက် ၁၃ နှစ်မှ ၁၅ နှစ်ကြား(၁၂)ဦး၊အသက် ၆ နှစ်မှ  ၁၃ နှစ်ကြား ကျောင်းသား ၅၈ ဦး၊ စုစုပေါင်းကျောင်း သား၊ ကျောင်းသူ(၁၁၈)ဦး တက်ရောက်ကြပြီးသင်တန်းကာလမှာ တစ်လကြာ သင်ကြားပေးမည် ဖြစ်ကြောင်းသိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)