စဉ့်ကိုင်မြို့နယ်တွင် နို့စားနွားမွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့်နို့ကောက်စခန်းများသို့ ကွင်းဆင်း အသိပညာပေးဟောပြောပွဲဆောင်ရွက်

စဉ့်ကိုင် မေ ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် နို့စားနွားမွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် နို့ကောက်စခန်းများသို့ ကွင်းဆင်းအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၁)နာရီခွဲက စဉ့်ကိုင်မြို့နယ်၊ အုန်းပင်ခြံကျေးရွာအုပ်စု မြဘုရင်နို့ကောက်စခန်းရုံးခွဲတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသုတအောင်က နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်သော ဒေသဖြစ်သည့်အတွက် နို့ချက်စက်ရုံများ အဆင့်မြင့်ဆောင်ရွက်လျက်ရှိကြောင်း၊ နို့ထွက်ပစ္စည်းထုတ်လုပ်မှုကောင်းမွန်ပါက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း နို့စားနွားမွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေး သန့်ရှင်းလတ်ဆတ်သော ထုတ်ကုန်များ စားသုံးသူများထံ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး အသိပညာများဖြန့်ဖြူးပေးရာတွင် ပူးပေါင်းပါ၀င်ဆောင်ရွက်ကြရန်၊ နို့ဆီ၊ နို့စိမ်း၊ နို့မှုန့် နို့ထွက်ပစ္စည်းများ အရည်အသွေးပြည့်၀စွာ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး နည်းပညာများ သိရှိတတ်မြောက်အောင် လိုအပ်ပါကြောင်း နို့ကောက်စခန်းများ နို့စားနွားမွေးမြူမှုအခြေအနေများကို  ရှင်းလင်းပြောကြားခဲ့သည်။

စဉ့်ကိုင်မြို့နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နို့စားနွားမွေးမြူမှုဖွံ့ဖြိုးရေးနှင့် နို့ကောက်စခန်းများသို့ အသိပညာပေးလုပ်ငန်းများကို ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသုတအောင် ဦးဆောင်၍ အဖွဲ့၀င်(၉)ဦးဖြင့် တောင်သူများအား သန့်ရှင်းလတ်ဆတ်သောနို့ရရှိစေရန် သိရှိလိုက်နာရမည့်အချက်များသိရှိစေရန် အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  

၀င်း၀င်းသန်း(စဉ့်ကိုင်)