ကျောက်ပန်းတောင်းမြို့နယ်တွင် မြေအစိုဓာတ်ရအောင် မိုးရွာသွန်းခဲ့သဖြင့် တောင်သူများ လယ်ယာလုပ်ငန်းခွင် ဝင်ရောက်

ကျောက်ပန်းတောင်း မေ ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဧပြီ(၂၉)ရက်နေ့တွင် မိုးတစ်ကြိမ်ရွာသွန်း၍ မေလ(၂)ရက်နေ့တွင် မိုးတစ်ကြိမ်ထပ်မံရွာသွန်းခဲ့ရာ၊ စိုက်ပျိုးနိုင်သည့် မြေအစိုဓာတ်ရရှိသဖြင့် ယခုအခါ တောင်သူများ လယ်ယာလုပ်ငန်းခွင် ဝင်ရောက်နေကြပြီဖြစ်သည်။

ကျောက်ပန်တောင်းမြို့နယ် မြို့ပေါ်နှင့် ကျေးရွာအချို့တွင် ဧပြီ(၂၉)ရက်နေ့ ညနေပိုင်းကမိုးရွာသွန်းခဲ့ရာ မိုးရေချိန် (၀.၂၀)လက်မရရှိခဲ့ကြောင်းနှင့် မေလ(၂)ရက်နေ့တွင် ရွာသွန်းသောမိုးမှာ မိုးရေချိန် (၀.၇၆) လက်မရရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရပြီး၊ အဆိုပါ မိုးနှစ်ကြိမ်ရွာသွန်းမှုကြောင့် စိုက်ပျိုးနိုင်လောက်သည့် မြေအစိုဓာတ်ရရှိသဖြင့် တောင်သူများ မြေပဲ၊ နှမ်းသီးနှံများ စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း သိရဿည်။ မိုးဦးကျစိုက်ပျိုးရာသီကာလ မျိုးမြေပဲ၊ မျိုးနှမ်းဈေးများမှာလည်း ဈေးကြီးပေးဝယ်ယူကြရကြောင်း သိရပြီး၊ မျိုးနှမ်းမှာ တစ်တင်းလျှင် ၁၂၂၅၀၀၀ မှ ၁၃၀၀၀၀ ကျပ် ပေါက်ဈေးရှိကြောင်းနှင့် မျိုးမြေပဲဈေးမှာ ၁၃၀၀၀၀ ကျပ်မှ ၁၅၀၀၀၀ ထိပေး၍ ဝယ်ယူကြရကြောင်းနှင့် ထွန်းယှဉ်းမရှိသူများနှင့် ထွန်းယှဉ်းမလုံလောက်သူများမှာ ထွန်းယှဉ်းငှားရမ်းခ တစ်မနက် ၁၅၀၀၀ ကျပ်ပေးရပြီး၊ ထွန်စက်ငှားရမ်းခမှာ တစ်နာရီလျှင် ကျပ် ၄၀၀၀၀ ပေးရကြောင်း သိရသည်။ ယခုအခါ လက်ရှိမြေအစိုဓာတ်ဖြင့် နှမ်းကြဲကြသည့်တောင်သူများရှိသလို မြေပဲကြဲကြသည့် တောင်သူများလည်းရှိကြပြီး၊ အချို့မြေပဲစိုက်တောင်သူများမှာ နောက်မိုးအခြေအနေကိုလေ့လာ၍ ရာနှုန်းပြည့် ကြဲသင့်မကြဲသင့် ချင့်ချိန်ဆောင်ရွက်နေရကြောင်း တောင်သူတစ်ဦးကပြောပါသည်။ ယခုအခါ မြေအစိုဓာတ်ကောင်းချိန် သူ့ထက်ငါစိုက်ကြပျိုးကြသဖြင့် လက်လုပ်လိုက်စားသည့် တောင်သူများလည်း တစ်မနက်လျှင် လုပ်အားခ ၃၀၀၀ ကျပ်ရရှိပြီး လုပ်ငန်းအဆင်ပြေနေကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)