ချမ်းအေးသာစံ မေ ၄
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သားဖွားသင်တန်းကျောင်း(မန္တလေး)မှ ဘက်စုံသားဖွားဒီပလိုမာ(၂)နှစ်သင်တန်း၊ ပထမနှစ်(၁/၂၀၂၄) ပညာသင်နှစ်သင်တန်းသူများ၏ (၁၁)ကြိမ်မြောက် ဦးဆောင်းပေးအပ်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်ရှိ သားဖွားသင်တန်းကျောင်းခန်းမတွင် မေလ (၃) ရက်နေ့ နံနက်ပိုင်းကကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ သူနာပြုတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ဌာနမှူးများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး၊ ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများနှင့် သူနာပြုအုပ်ကြီးများ၊ သူနာပြုအုပ်များ၊ သူနာပြုသင်တန်းကျောင်းနှင့် သားဖွားသင်တန်းကျောင်းတို့မှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသူ၊ သင်တန်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်က ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်နေပါကြောင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အလွန်အရေးပါပြီး ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ကာ အခြေခံကျသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို တာဝန်ယူဆောင်ရွက်ကြမည့် ဘက်စုံသားဖွားဆရာမများသည်လည်း ကျန်းမာရေးစီမံကိန်းလုပ်ငန်းများ၏ အဓိကအခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ အသိပညာနှင့်အတတ်ပညာများကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားရန်လိုအပ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် စေတနာ၊ မေတ္တာကိုအရင်းခံ၍ သစ္စာရှိကာ ကျင့်ဝတ်များကို စောင့်ထိန်းလိုက်နာပြီး နိုင်ငံတော်၏ရည်မှန်းချက်များပြည့်မီအောင် အုပ်တစ်ချပ်သဲတစ်ပွင့်အနေဖြင့် တာဝန်ကျေပွန်စွာထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် သားဖွားသင်တန်းကျောင်း(မန္တလေး)မှ ကျောင်းအုပ်ကြီး ဒေါ်ခင်ချိုမြင့်က သားဖွားဆရာမများအနေဖြင့် မိခင်သေနှုန်းနှင့်ကလေးသေနှုန်းကို လျော့ချရာတွင် အခြားကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ သူနာပြုနှင့်သားဖွားဆရာမများအတွက် ရှေ့ဆောင်လမ်းပြကောင်းတစ်ဦးဖြစ်သည့် သူနာပြုမိခင်ကြီး မီးအိမ်ရှင်ဖလော့ရင့်စ်နိုက်တင်ဂေး၏ စိတ်ဓာတ်နှင့် လေးစားတန်ဖိုးထားထိုက်သည့်အရာအားလုံးကို အတုယူပြီး နိုင်ငံတော်၏စေတနာနှင့် ကျေးဇူးသစ္စာကိုစောင့်သိကာ ပြည်သူများအားထားရသည့် ဘက်စုံသားဖွားဆရာမကောင်းများဖြစ်အောင် ကြိုးစားသွားကြရမည်ဖြစ်ပါကြောင်းပြောကြားပြီး သူနာပြုတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက သားဖွားသင်တန်းသူ (၉၇) ဦး အား ဦးဆောင်းများအပ်နှင်း ပေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဆုတံဆိပ်များချီးမြှင့်ကာ သားဖွားသင်တန်းသူများက သူနာပြုသစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး ဂရုဏအလင်း ဂုဏ်ပြုတေးသီချင်းဖြင့်သီဆိုခဲ့ကြပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးကာ ရင်းနှီးနွေးထွေးစွာနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ထွန်းထွန်းနိုင်