နေပြည်တော် မေ ၄
၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားရုံ၌ ကျင်းပရာ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီနာယက နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ အားကစားဝါသနာရှင်များ၊ အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ၂၀၂၄ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ လေးယောက်တွဲအဖွဲ့လိုက် ပြိုင်ပွဲဗိုလ်လုပွဲစဉ်ဖြစ်သည့် တပ်ကုန်းမြို့နယ်အသင်းနှင့် ပုဗ္ဗသီရိမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် သုံးဦးတွဲအဖွဲ့လိုက်ပြိုင်ပွဲ၌ တတိယရရှိသည့် တပ်ကုန်းမြို့နယ်အသင်းအား နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်က တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများအားလည်းကောင်း၊ သုံးဦးတွဲအဖွဲ့လိုက်ပြိုင်ပွဲ၌ ဒုတိယရရှိသည့် ဇမ္ဗူသီရိမြို့နယ်အသင်းအား နေပြည်တော်ကောင်စီဝင် ဦးမင်းဦးက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအားလည်းကောင်း၊ သုံးဦးတွဲအဖွဲ့လိုက်ပြိုင်ပွဲ၌ ပထမရရှိသည့် ပျဉ်းမနားမြို့နယ်အသင်းအား နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ အားလည်းကောင်း၊ လေးဦးတွဲအဖွဲ့လိုက်ပြိုင်ပွဲ၌ တတိယရရှိသည့် ပျဉ်းမနားမြို့နယ်အသင်းအား နေပြည်တော်ကောင်စီဝင် ဦးဟန်သူက တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများအားလည်းကောင်း၊ လေးဦးတွဲအဖွဲ့လိုက်ပြိုင်ပွဲ၌ ဒုတိယရရှိသည့် တပ်ကုန်းမြို့နယ်အသင်းအား နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအားလည်းကောင်း၊ သုံးဦးတွဲအဖွဲ့လိုက်ပြိုင်ပွဲ၌ ပထမရရှိသည့် ပုဗ္ဗသီရိမြို့နယ်အသင်းအား နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအားလည်းကောင်း၊ သုံးဦးတွဲအဖွဲ့လိုက်ပြိုင်ပွဲ၌ ပထမရရှိသည့် ပျဉ်းမနားမြို့နယ်နှင့် လေးဦးတွဲအဖွဲ့လိုက်ပြိုင်ပွဲ၌ ပထမရရှိသည့် ပုဗ္ဗသီရိမြို့နယ်အသင်းတို့အား နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တံခွန်စိုက်ဖလားတို့အား လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်ဒက္ခိဏသီရိဈေး၌ နေပြည်တော် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် နေပြည်တော်အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းရှင်များ၏ ဒေသထွက်ထုတ်ကုန်အရောင်းပြခန်းများတွင် ရောင်းချနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ပြန်/ဆက်)