လှည်းကူး၌ ဆန္ဒမဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရန် ကျန်းမာရေးနှင့်အညီ ဆောင်ရွက်

လှည်းကူး နိုဝင်ဘာ ၈

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက်နေ့တွင် ကျရောက်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်အတွင်း ပြည်သူများ ဆန္ဒမဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရန် ယနေ့နံနက် (၆) နာရီမှစတင်ကာ ကျန်းမာရေးနှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါသည် လူထူထပ်ရာနေရာများတွင် ကူးစက်ပျံ့ပွားနိုင်သည့် ရောဂါမျိုးဖြစ်သဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲပေးရာ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိ စေရန် ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ကိုယ်အပူချိန်တိုင်းတာခြင်း၊ မဲရုံအဝင်တွင် တစ်ဦးနှင့်တစ်ဦး (၆) ပေခွာတန်းစီစေပြီး မဲရုံအတွင်းဝင်ရောက်ချိန်၌ လက်များကို ဆေးကြောသန့်စင် နိုင်စေရန် Hand Gel များဖြင့် လက်ဆေးများကို ဆေးကြောသန့်စင်ပေးခြင်း၊ ပြင်ပမှတပ်ဆင် အသုံးပြုလာသော နှာခေါင်းစည်း (Mask) များကို အမှိုက်ပုံးထဲသို့ စနစ်တကျစွန့်ပစ်စေပြီး နှာခေါင်းစည်း (Mask) နှင့် Face Shields များကို အသစ်တပ်ဆင်စေပြီးမှ မဲရုံအတွင်းသို့ ဝင်ရောက် မဲပေးစေပြီး မဲရုံပရဝဏ်အတွင်း နေရာများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆန္ဒမဲပေးခြင်းနှင့် အသိပညာပေး ပိုစတာများကို ပြသထားကြောင်း သိရသည်။

လှည်းကူးမြို့နယ် မြို့ပေါ် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၂) အုပ်စု၊ စုစုပေါင်း ရပ်ကွက်/ကျေးရွာ အုပ်စု (၅၇) အုပ်စုရှိရာ လှည်းကူးမြို့နယ်အတွင်း မဲရုံပေါင်း (၁၃၀)နှင့် မဲဆန္ဒရှင်ပေါင်း (၂၂၄၃၈၆) ဦးရှိကြောင်း သိရသည်။

 

နိုင်လင်း(လှည်းကူး)