လူရည်ချွန်လေ့လာရေးအပန်းဖြေစခန်းများမှ ပြန်လည်ရောက်ရှိလာသော လူရည်ချွန် မောင်/မယ်များအား တာချီလိတ်လေဆိပ်၌ လှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြု

တာချီလိတ် မေ ၄

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ ထူးချွန်ထက်မြက်သည့် ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်၊ မိုင်းဆတ်ခရိုင်မှ လူရည်ချွန်မောင်မယ် ကျောင်းသား၊ ကျောင်းသူများသည် လူရည်ချွန် အပန်းဖြေစခန်းများသို့ ဒေသန္တရဗဟုသုတများ သွားရောက်လေ့လာခဲ့ကြပြီး ယမန်နေ့ မွန်းတည့် ၁၂ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့သို့ ပြန်လည်ရောက်ရှိရာ ဌာနဆိုင်ရာများနှင့် မိဘပြည်သူများမှ တာချီလိတ်လေဆိပ်သို့ သွားရောက်၍ သောင်းသောင်းဖြဖြ လှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။

ဂုဏ်ပြုကြိုဆိုရာတွင် လူရည်ချွန်မောင်မယ်များကို စစ်ဗျူဟာအခြေချ(တာချီလိတ်)မှ စစ်ဗျူဟာမှုးကိုယ်စား ဗိုလ်မှူး သွင်သူရထွေး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျ၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများမှ ဂုဏ်ပြုပန်းကုံး၊ ပန်းစည်းများဖြင့် သွားရောက်ကြိုဆိုခဲ့ကြသည်။

အဆိုပါ လူရည်ချွန်မောင်မယ်များသည် Grade-9 မှ Grade-12 ထိ ကျောင်းသား၊ ကျောင်းသူများဖြစ်ကြကာ ကျိုင်းတုံခရိုင်မှ ၈ ဦး၊ တာချီလိတ်ခရိုင်မှ ၈ ဦး၊ မိုင်းဆတ်ခရိုင်မှ ၈ ဦး၊ စုစုပေါင်း လူရည်ချွန်မောင်မယ် ၂၄ ဦးသည် ပုဂံ၊ ချောင်းသာ၊ ငွေဆောင် လူရည်ချွန်အပန်းဖြေစခန်းများသို့ သွားရောက်လေ့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း(ပြန်/ဆက်)