ကျောက်ဖြူခရိုင်ရုံး (Community Centre)ခန်းမ၌ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် အခြေခံပန်းချီသင်တန်း ဖွင့်လှစ်

ကျောက်ဖြူ မေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် အခြေခံပန်းချီသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးအသင်းဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းသူက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချမှတ်ထားရှိခဲ့ပြီး လူမှုရေးဦးတည်ချက်အထဲမှ တတိယအချက်အနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးတွင် အကျင့်စာရိတ္တကောင်းမွန်ပြီး အသိဉာဏ်ပညာပြည့်စုံသော လူငယ်များ မွေးထုတ်ပေးရန်လိုအပ်ပါကြောင်း၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးကာ တန်ဖိုးထားတတ်ရန်အတွက် အသိပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးကြရန်လိုအပ်ပါကြောင်း၊ သင်တန်းတက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားလပ်ရက်များကို အလဟသမကုန်ဆုံးစေဘဲ ယခုလို အကျိုးရှိသည့် သင်တန်းများကို တက်ရောက်သင်ယူကြစေလိုပါကြောင်း ပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ယုယုနွယ်က သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းသားတစ်ဦး၏ မိဘတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများကို တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြသည်။

အဆိုပါ  အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် ပန်းချီသင်တန်းကို သင်တန်းနည်းပြဆရာနှစ်ဦးမှ စာတွေ့ လက်တွေ့ ပြသသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ မေလ ၃ ရက်နေ့မှ  မေလ ၃၁ ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း