ရမည်းသင်းမြို့နယ်၌ လေဘေးသင့် အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ထောက်ပံ့ပေးအပ်

ရမည်းသင်း မေ ၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ ယမန်နေ့ ညနေ ၄ နာရီ အချိန်ခန့်၌ မိုးသက်လေပြင်းကျပြီး  နေအိမ်အမိုးများ ပျက်စီးခြင်းနှင့် ပြိုကျခဲ့သော လေဘေးသင့် နေအိမ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ရမည်းသင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် ရမည်းသင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်းရတနာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်၌ မေ ၂ ရက် ညနေ၄ နာရီခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မြို့မအုပ်စုတွင် နေအိမ် (၄)လုံး၊ ဝါတိုးအုပ်စုတွင် နေအိမ်တစ်လုံး၊ အောင်မင်္ဂလာရပ်ကွက်တွင် နေအိမ်တစ်လုံး၊ ကတင်အုပ်စုတွင် နေအိမ်(၄)လုံး၊ ကျောက်ဖူးအုပ်စုတွင် နေအိမ် (၁၀)လုံးနှင့် ဘုန်တော်ကြီးကျောင်း တစ်ကျောင်း၊ ကမ္မအုပ်စုတွင် နေအိမ် (၂၆) လုံးနှင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊ ကျွဲတပ်အုပ်စုတွင် နေအိမ်နှစ်လုံး၊ ဆည်ကန်အုပ်စု သပြေလှရွာတွင် နေအိမ် (၁၀) လုံး၊ ဆတ္ထိုးကြီးအုပ်စုတွင် နေအိမ် (၈)လုံး၊ တောင်ကန်ကြီးအုပ်စုတွင် နေအိမ် (၇)လုံး၊ ထိန်ကန်အုပ်စုတွင် နေအိမ်( ၈) လုံး၊ ပုတီးကုန်းကျေးရွာတွင် နေအိမ် နှစ်လုံး၊ ပေါက်အိုင်အုပ်စုတွင် နေအိမ် (၁၀) လုံး၊ ရွာတန်း သဲကျွန်းရွာတွင် နေအိမ် တစ်လုံး၊ လယ်သာကျေးရွာတွင် နေအိမ် တစ်လုံး၊ ရေဦးအုပ်စုတွင် နေအိမ် (၇) လုံး၊လွှစင်အုပ်စုတွင် နေအိမ် (၁၀၇) လုံး၊ လက်ပံကုန်းကျေးရွာတွင် နေအိမ် တစ်လုံး၊ သိုက်မြှောင်ကျေးရွာတွင် နေအိမ် (၄)လုံး၊ အိုင်တိုးကျေးရွာတွင် နေအိမ် နှစ်လုံး၊ အင်းပေါင်ကျေးရွာတွင်   နေအိမ်နှစ်လုံး၊ အုန်းသီးကွဲကျေးရွာတွင် နေအိမ် (၉ )လုံးတို့ အမိုးလန် ပျက်စီးခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်အတွင်း မိုးသက်လေပြင်း ကျရောက်၍ ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်း (၂၃) အုပ်စုမှ စုစုပေါင်း နေအိမ်(၂၃၈) အိမ်၊ ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်း အမိုးလန် ပျက်စီးခြင်းအတွက် ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံငွေ စုစုပေါင်းငွေ ကျပ်( ၁၄,၅၂၃,၆၀၀) နှင့်  (၁၆)မျိုးပါပစ္စည်း (၅) အိမ်ထောင်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမဖံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဇင်မာထွန်းနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရသည်။

ခရိုင်(ပြန်/ဆက်)