ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းပြုလုပ်

ရန်ကင်း မေ ၃

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာပေချစ်မြတ်နိုးသူများပါဝင်သည့် Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဥ်ကျင်းပလျက်ရှိရာ ယနေ့နံနက် ၁၁ နာရီအချိန်က စာရေးဆရာတက္ကသိုလ်ဘုန်းနိုင်သူ့ကျွန်မခံပြီစာအုပ်ဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လှလှထွေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့်အလေ့အကျင့်များရရှိပြီး အသိပညာဗဟုသုတများ တိုးပွားလာခြင်း၊ အမှားအမှန်ဝေဖန်ပိုင်ခြားနိုင်မှုများ ရရှိလာခြင်း၊ စာပေအကြောင်းအရာများကို တစ်ဦးနှင့်တစ်ဦးဖလှယ်နိုင်ပြီး စာပေအကျိုးကျေးဇူးကိုရရှိခံစားနိုင်စေခြင်း စသည့်ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် Book Club အဖွဲ့ဝင် စာရေးဆရာမြင့်မောင် (Phil.Q) က တက္ကသိုလ်ဘုန်းနိုင်သူ့ကျွန်မခံပြီစာအုပ်သည် အရေးကြီးသော သမိုင်းအဖြစ်အပျက်တစ်ခုကိုအခြခံကာ ဇာတ်လမ်းရေးဖွဲ့ထားကြောင်း၊ စာအုပ်ထဲတွင်ပါရှိသည့် သမိုင်းဇာတ်ကောင်များနှင့် အခြားဇာတ်ကောင်များ၏ စရိုက်လက္ခဏာများ၊ ဇာတ်ကွက်အဖြစ်အပျက်များ၊ အားပြိုင်မှုများ၊ ဝတ္ထူကြီး၏ ရည်ရွယ်ချက်၊ ပေးလိုသည့်သတင်း စကားများကို ခံစားရေးဖွဲ့ထားကြောင်း ဆွေးနွေးခဲ့ပြီးတက်ရောက်လာသည့် Book Club အဖွဲ့များကလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းနှင့် မြို့နယ်ဦးစီးမှူးက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)