ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနေအိမ်(၇)လုံးနှင့် စာသင်ကျောင်းဆောင်(၁)ဆောင်  အမိုးလန်ပျက်စီးမှုများဖြစ်ပေါ်ခဲ့

ကျောက်ပန်းတောင်း မေ  ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မေ(၃)ရက်နေ့  နံနက်(၅:၃၀)နာရီခန့်က မိုးသက်လေပြင်းများကျရောက်မှုကြောင့် ခပေါင်းကုန်းကျေးရွာအုပ်စုနှင့် ညောင်တိုကျေးရွာအုပ်စုများမှ ကျေးရွာအချို့တွင်၊ လူနေအိမ်များနှင့် စာသင်ကျောင်းဆောင်(၁) ဆောင် အမိုးလန်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်၌ မေ(၂)ရက်နေ့ မွန်းလွဲပိုင်းတွင် မိုးနှင့်လေပြင်းများ တစ်ကြိမ်ကျရောက်ခဲ့ပြီး၊ ကျေးရွာအချို့တွင် အမိုးလန်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်နည်းတူ၊ အဆိုပါ မိုးမှဆက်၍ (မေလ ၃ ရက်နေ့) ယနေ့နံနက် (၅:၃၀)နာရီ ခန့်တွင်လည်း မိုးလက်လေပြင်းများ ကျရောက်ခဲ့မှုကြောင့် ခပေါင်းကုန်းကျေးရွာအုပ်စုရှိ တံခွန်တိုင်ကျေးရွာနှင့် ဂဲကြီးကုန်းကျေးရွာများမှ လူနေအိမ်(၄)လုံးနှင့် ခပေါင်းကုန်း ကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ အလျား ၃၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၈ ပေရှိ စာသင်ဆောင်မှ ၁၄ ပေသွပ် (၁၅)ချပ် အမိုးလန်ပျက်စီးခဲ့ကြောင်းနှင့် ညောင်တိုကျေးရွာအုပ်စု အတာဥသျှစ်ကုန်းကျေးရွာမှ လူနေအိမ်(၃)လုံးတို့ အမိုးလန်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

အဆိုပါ သဘာဝဘေးဒဏ်သင့်ကျေးရွာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အတွင်းရေးမှူး ရဲမှူးနိုင်ဝင်းတို့မှ သွားရောက်၍ ဘေးသင့်နေအိမ်များ အမြန်ဆုံး ပြန်လည်ပြုပြင်ပေးနိုင်ရေးနှင့် လတ်တလော နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက်၊ သက်ဆိုင်ရာကျေးရွာ ရပ်မိရပ်ဖများနှင့် ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)