ပုသိမ်ကြီး မေ ၃
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနသည် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကျေးရွာများရွေးချယ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းယုလှိုင်က စီမံကိန်းကျေးရွာ ရွေးချယ်ရာတွင် အခြေခံမူများ၊ စီမံကိန်းကျေးရွာ ရွေးချယ်ခြင်း မပြုရမည့် ကျေးရွာများ စသည်တို့အား ရှင်းလင်းပြောကြားပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ရှင်းလင်း တင်ပြမှုအပေါ် ပြန်လည်ဆွေးနွေးပြောကြားကာ တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကျေးရွာ (၃)ရွာအား ရွေးချယ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းယုလှိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲများတက်ရောက် ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။ မြို့နယ်(ပြန်/ဆက်)