တွံ​တေးမြို့နယ်၌ မွေးကင်းစမှတစ်နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်းများဆောင်ရွက်

တွံတေး ဧပြီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးက မြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် သက်ဆိုင်ရာကျေးလက်ကျန်းမာရေးဌာနများ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာမများက ကလေးငယ်များအား ပေါင်ချိန်ခြင်း၊  ကိုယ်အပူချိန်တိုင်းပေးခြင်းနှင့် မွေးကင်းစမှအသက် ၂ လ၊ ၄ လ၊ ၆ လ၊ ၉ လ၊ ၁ နှစ်ခွဲ‌အရွယ် ကလေးငယ်များကို ဝက်သက်-ဂျိုက်သိုး ရောဂါ၊ ဂျပန် ဦးနှောက်ရောင်ရောဂါ ၊ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း၊ ဘီစီဂျီကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်(pcv)ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး၊ ပိုလီယိုအစက်ချကာကွယ်ဆေး၊ တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)ရောဂါ၊ ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင်ရောဂါနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါကာကွယ်ဆေးတို့ကို ထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်။

အဆိုပါပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့ပေါ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ ကျေးလက်ပြည်သူ့ကျန်းမာရေးဌာန၊ ကျေးလက်ပြည်သူ့ကျန်းမာရေးဌာနခွဲများနှင့် ကျေးရွာအလိုက်စုရပ်နေရာများတွင် လစဉ်(၁)ရက်နေ့မှစ၍ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တွံတေးသား