ကျောက်ဆည် မေ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် (၁၀) နာရီက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက ကျောက်ဆည်မြို့နယ်တွင် မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ ငွေလုံး/ငွေရင်း အသုံးစရိတ်ဖြင့် ဌာန/အဖွဲ့အစည်း(၅)ခု၊ ဝန်ကြီးဌာန (၅)ခုအောက်မှ ဌာန(၁၀)ခုနှင့် စည်ပင်သာယာရေးအဖွဲ့အစည်း (၁)ခု စုစုပေါင်း ဌာန/ အဖွဲ့အစည်း (၁၆)ခုတို့တွင် စီမံကိန်းလုပ်ငန်းများ အကောင်းအထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ဗဟိုအဖွဲ့အစည်းများမှ ကျပ် (၂၁၄၀.၃၃၀)သန်း၊ ရာခိုင်နှုန်းအားဖြင့် (၄၇.၈) ရာခိုင်နှုန်း၊ ဝန်ကြီးဌာနများမှ ကျပ်(၁၆၁၁.၈၅၉)သန်း ရာခိုင်နှုန်းအားဖြင့် (၃၆.၀)ရာခိုင်နှုန်းနှင့် စည်ပင်သာယာရေး အဖွဲ့မှ ကျပ်(၇၂၄.၂၀၀)သန်း ရာခိုင်နှုန်းအားဖြင့် (၁၆.၂) ရာခိုင်နှုန်းတို့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းများတွင် (၉၆.၃) ရာခိုင်နှုန်းဖြင့် စုစုပေါင်းလုပ်ငန်း (၈၈)ခု၊ စက်ပစ္စည်းများတွင် (၀.၄) ရာခိုင်နှုန်းဖြင့် အမျိုးအစား အရေအတွက် (၇)ခုနှင့် အခြားလုပ်ငန်းများတွင် (၃.၃) ရာခိုင်နှုန်းဖြင့် လုပ်ငန်း (၅) ခု စုစုပေါင်း လုပ်ငန်း(၁၀၀)တို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တင်ဒါလုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားကြရန်နှင့် ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ အချိန်မီ ပြီးစီးနိုင်ရေး ဆောင်ရွက်သွားကြရန် အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ကျောက်ဆည်မြို့နယ် စီမံကိန်းဦးစီးဌာနမှ စီမံကိန်းမှူး ဒေါ်ကျင်ကျင်ထွန်းက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပေးမည့် ဆည်မြောင်း၊ တာတမံဆောက်လုပ်ခြင်း၊ မြစ်ရေတင်လုပ်ငန်းများ၊ ကျေးလက်ကုန်ထုတ်လုပ်ငန်းများ ဖောက်လုပ်ခြင်း၊ သန့်ရှင်းသော သောက်သုံးရေ၊ လျှပ်စစ်မီး စသည့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်နှီးမြှုပ်နှံမှု လုပ်ငန်းစီမံကိန်းများကို တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေကျပ် (၄၄၇၆.၃၈၉) သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် တာဝန်ရှိသူများက မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်လမ်းဦးစီးဌာနများသို့ ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်မောင်(ပြန်/ဆက်)