ကျိုင်းတုံ မေ ၃
ကျိုင်းတုံမြို့၌ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၄) အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစည်သူအောင်က ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းဖြင့်ကာကွယ်၍ရသော ရောဂါများကြောင့် သေဆုံးမှုကို လျှော့ချပြီး ကလေးများ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်စေရန်၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ နှီးနွယ်ဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းမျာနှင့် ပူးပေါင်းပြီး ကာကွယ်ဆေးလွှမ်းခြုံမှုမြင့်မားအောင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ ပုံမှန်ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ ပြည်သူလူထုပိုမိုသိရှိစေရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် အခမ်းအနား တက်ရောက်လာကြသူများအား ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် (၂၀၂၄) အထိမ်းအမှတ် Video Clip ပြသပြီး ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံသည့်ကလေးငယ်များအား အရုပ်၊ ပဲနို့နှင့် အာဟာရဖြည့်မုန့်များ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)