သာစည် မေ ၃
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ယမန်နေ့ ညနေ ၄ နာရီကျော်က လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် အမှတ်(၃) ရပ်ကွက် မိတ္ထီလာ-တောင်ကြီးကားလမ်းဘေး ဆန်စက်ဝင်းအတွင်းရှိ ကုက္ကိုပင်မှ ကိုင်းကျိုးကျ၍ လမ်းပိတ်ဆို့နေမှုအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ရှင်းလင်းဆောင်ရွက်ခဲ့ရာ ယာဉ်များ ပုံမှန်သွားလာလျက်ရှိကြောင်း သိရသည်။ အလားတူ အင်းရွာကျေးရွာအတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်းကွန်ကရစ်တိုင် တစ်တိုင်၊ ညောင်အိုင်ကျေးရွာရှိ (၁၁)ကေဗွီလိုင်း ကွန်ကရစ်တိုင်(၁၀)တိုင်နှင့် (၃၁၅)ကေဗွီအေထရန် စဖော်မာတစ်လုံး လဲကျပျက်စီးမှုများ ဖြစ်ပွားခဲ့ရာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ တာဝန်ရှိသူများနှင့် ကျေးရွာတာဝန်ရှိသူများ ပူးပေါင်း၍ စစ်ဆေးပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အတူ ကျေးရွာအုပ်စု ၁၀ အုပ်စု၌ လူနေအိမ် (၇၉) လုံး အမိုးလန် ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း ကနဦး သိရပြီး လူနှင့်တိရစ္ဆာန် သေဆုံးမှုမရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)