မန္တလေး မေ ၃
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက် ၉ နာရီအချိန်တွင် မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)၊ ပါမောက္ခချုပ်ကျောင်းဆောင်တွင် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကေသရအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက လျှောက်ထားရာတွင် ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ(၅၁)အုပ်ကို ဆဋ္ဌမူအတိုင်း ကွန်ပျူတာစာမူဆောင်ရွက်နေမှုအခြေအနေ၊ သတ်မှတ်ကာလအတွင်း အဋ္ဌကထာ ကွန်ပျူတာစာမူစာအုပ်များ ထုတ်ဝေနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံတစ်ဝန်းရှိ တန်ခိုးကြီးအထင်ကရ ဘုရားစေတီများ၌ ဘုရားစေတီတော်သမိုင်းဆိုင်ရာ အချက်အလက်များ၊ ဗုဒ္ဓဖြစ်တော်စဉ် ဗုဒ္ဓဝင်၊ ဗုဒ္ဓအဆုံးအမများ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၏ ဩဝါဒများ၊ ဗုဒ္ဓသာသနာတော်ဆိုင်ရာ ထွန်းကားပြန့်ပွားရေး ဆောင်ရွက်နေမှုများကို တစ်နေရာတည်းတွင် အလွယ်တကူ ကျောင်းသား/ကျောင်းသူလူငယ်များ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူအပေါင်း၊ လေ့လာလိုသူများ ကြည်ရှုလေ့လာနိုင်ရန် (Pagoda Digital Directory) ဆောင်ရွက်နေမှု အခြေအနေများ၊ ပုဂံရှေးဟောင်းဒေသတွင် မိုးခါမုန်တိုင်းကြောင့် မိုးသည်းထန်ရွာသွန်းမှုကြောင့် ရှေးဟောင်းစေတီပုထိုး၊ သာသနိကအဆောက်အဦများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ ဘုရားစေတီများ ပျက်စီးမှုမရှိစေရေး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ရှေးဟောင်း ရေကန်များ ရေကန်တစ်ကန်နှင့်တစ်ကန် ချိတ်ဆက်သည့် ရေစီးမြောင်းများ ပုဂံရှေးဟောင်းရေ စီမံခန့်ခွဲမှုစနစ် ဖော်ထုတ်ဆောင်ရွက်နေမှုများ နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသား/ကျောင်းသူလူငယ်များ ဗုဒ္ဓဝင်များကို သိရှိစေရန်နှင့် ယဉ်ကျေး လိမ္မာစေရန် ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်နေမှု အခြေအနေများ စသည်ဖြင့် သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။
ပြည်ထောင်စုဝန်ကြီး၏ လျှောက်ထားမှုအပေါ် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ်ဆရာတော်က အဋ္ဌကထာစာအုပ် (၅၁) အုပ် အမြန်ရိုက်နိုင်ရေးအတွက် ဆရာတော်တို့အနေဖြင့် အမြန်ဆုံး စီစစ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် သက်ဆိုင်ရာ ဌာနများသို့ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဩဝါဒပေးခဲ့ပါသည်။
ထို့နောက် ပါမောက္ခချုပ်ဆရာတော်ကြီးအား ပြည်ထောင်စုဝန်ကြီးက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)