ပူတာအို မေ ၃
မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဝမ်းစာဖူလုံရေးနှင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းစီမံကိန်းများ ပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့သည် ဧပြီ ၃၀ ရက် နံနက် ပူတာအိုမြို့နယ် အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ နံနက် ၆ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ နိုင်ငံ့စီးပွားမြှင့်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့်ကျေးရွာစီမံကိန်း ကော်မတီအဖွဲ့ဝင်များ၊ ပူတာအိုအခြေချခေတ္တစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ကျော်ဦး၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့၏ အနောက်တောင်ဘက်ရှိ နမ်ထွမ်ခူး ကျေးရွာအုပ်စုအတွင်း နမ်ထွမ်ရချစ်တောင်ပေါ်ရှိ ပူတာအိုတိမ်ပင်လယ် View Point သို့ သွားရောက် ပြီး View Point မှတစ်ဆင့် ပူတာအိုဒေသ၏ ရေမြေတောတောင်သဘာဝအရင်းမြစ်များတွင် သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် တိမ်ပင်လယ်ဖြစ်တည်မှု သဘာဝအလှများကို လည်းကောင်း၊ တိမ်ပင် လယ်ကြည့်ရှုသည့်နေရာများတွင် အလှအပများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့် ရှုစစ်ဆေးခဲ့ကြပြီး တိမ်ပင်လယ်တောင်တက် အဝင်လမ်းအားခင်းခြင်းလုပ်ငန်းဆောင်ရွက်ပေးရန်နှင့် ခြံပိုင်ရှင်အား ထောက်ပံ့ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် မူလာဒီကျေးရွာအုပ်စု၊ ခီဆီဒီကျေးရွာသို့ သွားရောက်ပြီး တောင်သူ ဦးယောဆီ၏ (၃)ဧကကျော်ရှိ ဥယျာဉ်ခြံဝင်းအတွင်း နှစ်ရှည်သီးနှံပင်များဖြစ်သည့် မကဒေးမီးယားပင်၊ ထောပတ် သီးပင်၊ ဘုရင်သီးပင်၊ ဂရိတ်ဖရုပင်နှင့် ငှက်ပျောပင်များ စိုက်ပျိုးထားရှိမှုနှင့် ခြံထွက်သီးနှံများ ဈေး ကွက်တင်ရောင်းချနိုင်မှု အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြကာ စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး လိုအပ်သည့် ပံ့ပိုးငွေများ မတည်ပေးနိုင်ရေး စီမံဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် အဆိုပါကျေးရွာအတွင်းရှိ နေအိမ်ခြံဝင်းများအတွင်း အလေချီ(ခေါ်)ချဉ်ပေါင်ဖာ လာပင်များ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး အလေချီပင်မှ အလေချီသီးထုတ်လုပ်နိုင်မှု၊ ဈေးကွက်ရရှိမှု၊ ပင်ပွားပျိုးပင်ရောင်းချခြင်းဖြင့် မိသားစု ပုံမှန်ဝင်ငွေရရှိမှုတို့ကို မေးမြန်းဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံတောင်သူများအား အလေချီစိုက်ပျိုးမှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး လိုအပ်သည့် စိုက်ပျိုးစရိတ်ချေးငွေများ ရရှိရေး နိုင်ငံ့စီး ပွားမြှင့်တင်ရေး ရန်ပုံငွေမှ ပံ့ပိုးပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ မူလာရှီးဒီတံတားမှတစ်ဆင့် ချောင်းရေမြင့်တက်လာမှုအခြေအနေနှင့် ကမ်းပါးရေတိုက်စားမှုမှ ကြိုတင်ကာကွယ်နိုင်ရေး တာဝန်ရှိသူများပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဒုတ္တန်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပူတာအိုဒေသအတွက် ဖွင့်လှစ်သွားမည့် အခြေခံပညာစက်မှု၊ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အခြေခံပညာစက်မှု၊ စိုက်ပျိုးမွေးမြူရေးအထက်တန်း ကျောင်းကို ဖွင့်လှစ်ပေးခြင်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များ ပြန့်ပွားစေပြီး နိုင်ငံတော်၏ စီးပွားရေးကို အထောက်အကူပြုနိုင်မည်ဖြစ်သည့်အပြင် စက်မှုလုပ်ငန်းအတတ်ပညာများကို လက်တွေ့သင်ယူခြင်းဖြင့် မိမိတို့၏ သားသမီးများ အတွက်အလုပ်အကိုင်အခွင့်အလမ်းနှင့် အသက်မွေးဝမ်းကြောင်းပညာကို တတ်မြောက်အောင်မြင် နိုင်မည်ဖြစ်သည့်အတွက် ဒေသဖွံ့ဖြိုးရေးအတွက် အားကိုးအားထားပြုရမည့် လူငယ်များစွာကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ခရိုင်ပညာရေးမှူးက ကျောင်းဆောင်သစ်ဆိုင်ရာအချက်အလက်များနှင့် တက် ရောက်သင်ကြားခွင့်အတွက် ကျောင်းသား/ကျောင်းသူများ ရွေးချယ်ဆောင်ရွက်ခဲ့မှု အခြေအနေများ နှင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီး၊ ပူတာအိုအခြေ ချစစ်ဗျူဟာမှူးနှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ယင်းနောက် ပူတာအိုမြို့၊ မြို့မရပ်ကွက်ရှိ ဖုန်ကန်ရာဇီခန်းမ၌ ခရိုင်အတွင်းရှိ ဌာနဆိုင်ရာအဖွဲ့ အစည်းများ၊ တပ်ရင်းတပ်ဖွဲ့၊ အသင်းအဖွဲ့များအားလုံးအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုဒေသ (၃)နှစ် အတွင်း ဝမ်းစာဖူလုံရေး စီမံချက်ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာတွင် ယခုနှစ်တွင် ဝမ်းစာဖူလုံမှု ရာနှုန်းပြည့်မီကျော်လွန်လာစေရေး အထူးအထွက်တိုးမျိုးသန့်မျိုးစေ့ တင်း (၁၀၀၀၀)ထိ တိုးမြှင့်ပေးထားပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ဒေသတွင်း စီးပွားရေးမြှင့်မားလာစေရေးနှင့် မိသားစုဝင် ငွေတိုးပွားရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ရင်းနှီး မတည်ပေးခဲ့ရာ ယခုနှစ် ဒုတိယနှစ်စက်ဝန်းအတွက် တိုးချဲ့ဆောင်ရွက်ရမည့် လုပ်ငန်းစီမံကိန်းများကို မတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒါအပြင် လတ်တလော လမ်းပန်းဆက်သွယ်ရေး အခြေအနေ အရ စိုက်ပျိုးချိန်အမီ လယ်ထွန်ယက်မှုများ အဆင်ပြေစေရေး စက်သုံးဆီလိုအပ်ချက်ကို အမြန်ဆုံးဖြည့်ဆည်းတင်ပို့ရန် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ အလားတူ နေအိမ်တိုင်း ဟင်းသီးဟင်းရွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းကို မဖြစ်မနေစိုက်ပျိုးကြရေး တိုက်တွန်းလိုသည့်အပြင် လိုအပ်သည့် မျိုးစေ့များကို ပံ့ပိုးကူညီသွားမည်ဖြစ်ပါကြောင်း၊ ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် မိမိတို့ အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ဒေသခံတစ်ဦးချင်းစီက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အခက် အခဲများကို အတူတကွ တွန်းလှန်ကျော်ဖြတ်နိုင်မည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌက ဒေသဆိုင်ရာအချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိ သူများက ပူတာအိုခရိုင်အတွင်းရှိ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ခရိုင်နှင့် မြို့နယ်များမှ ဌာနဆိုင်ရာ များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(၄)ဖွဲ့၊ ဘာသာရေးအဖွဲ့အစည်း (၁၃)ဖွဲ့၊ ပူတာအို အကျဉ်းထောင်ရှိ အကျဉ်းကျခံနေရ သူများအတွက် ပြည်နယ်အစိုးရအဖွဲ့က လေယာဉ်စင်းလုံးငှား အစီအစဉ်ဖြင့် တင်ပို့ပေးခဲ့သည့် တန်ဖိုး ငွေကျပ် စုစုပေါင်း သိန်း(၁၀၄၆ သိန်း ၂ သောင်း) တန်ဖိုးရှိ ကုလားပဲပိဿာ (၂၀၀၀) ၊ ငါးခြောက် (၆၆၇)ပိဿာ၊ စားသုံးဆီပိဿာပေါင်း (၆၀၀)၊ ဆန်အိတ် (၁၉၁)အိတ်၊ ခေါက်ဆွဲခြောက်ဖာ၊ ကြက်ဥ ကတ်များနှင့် အဝတ်အထည်များကို အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် အောက်ဆန်ဂေါင်ကျေးရွာသို့ သွား ရောက်ပြီး ကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် (၄)သိန်းဖြင့် အသင်းသားဦးရေ (၇၅)ဦးဖြင့် “အောက်ဆန်ဂေါင်”မွေးမြူရေးကုန်ထုတ်လုပ်ငန်းသမဝါယမမှ အသင်းသား ဦးဆင်ဆားရ် ၏ခြံ၌ ကာကီဘဲအမျိုးအစား ဘဲများမွေးမြူထားရှိမှုကို လည်းကောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ဒုတိယ နှစ်စက်ဝန်း ရန်ပုံငွေကျပ် (၆၀)သန်းဖြင့် မွေးမြူသူဦးရေ (၁၂၈)ဦးဖြင့် ဝက်မွေးမြူရေးလုပ်ငန်းဆောင် ရွက်နေမှုကိုလည်းကောင်း၊ နေအိမ်ခြံဝင်းများအတွင်း တစ်ပိုင်တစ်နိုင် ပဲပုပ်စိုက်ခင်း၊ ဖူးစားပြောင်းနှင့် ဝက်မွေးမြူထားရှိမှုကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မွေးမြူရေးအထောက်အကူ ပြုဆေးဝါးပစ္စည်းများနှင့် အာဟာရဖြည့်စွက်ရောစပ်အစာအိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် လမ်းဦးစီးရိပ်သာ၊ ဧည့်ခန်းမဆောင်၌ ပူတာအိုဒေသ၌ ပြည်တွင်း/ပြည်ပခရီးသွား လုပ်ငန်းဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် ဖုန်ကန်ရာဇီရေခဲတောင်သွားလမ်း တစ်ခုဖြစ်ပြီး ကျေးရွာ ပေါင်း (၈)ရွာ၊ အိမ် ခြေ(၃၈၂)အိမ်၊ လူဦးရေ (၁၁၃၉)ဦးတို့အား သဘာဝအခြေခံခရီးသွားလုပ်ငန်းဖြင့် အကျိုးပြုနေသည့် အထက်ဆန်ဂေါင်-လုံနဒမ်း - ဇီယာဒမ်းလမ်း (၂၄)မိုင်(၇)ဖာလုံလမ်းပိုင်းအား တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့(ကချင်ပြည်နယ်)မှ ရာသီမရွေး သွားလာနိုင်သော လမ်းအဖြစ် မြင့်မားသော တောင်ကြီးများကို အတက်အဆင်းပြေပြစ်သော လမ်းအူ ကြောင်းသစ်ဖောက်လုပ်ဆောင်ရွက်နေမှု၊ တံတားသစ်များ တိုးချဲ့ဆောက်လုပ်နေမှု အခြေအနေများ၊ နှစ်အလိုက် ဘဏ္ဍာငွေခွဲဝေရရှိမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေး ဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် မေ ၁ ရက် နံနက်ပိုင်းတွင် လုံးစွတ်ရပ်ကွက်၊ လုံးစွတ် တံတားအနီး နမ်ထွမ်ချောင်းကမ်းဘေးတွင် ဝဲ/ယာတွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်သို့ တက်ရောက်ပြီး ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအတွက် စိုက်ပျိုးမည့် ပျိုးပင်များကို ဖြန့်ဝေပေးအပ်ခဲ့ကာ ဒေသနှင့် ကိုက်ညီဖြစ်ထွန်းသည့် ရေပိတုန်း၊ သစ်အယ်၊ ဗာတီဗာမြက်၊ တောင်ဇလပ်စသည့် သစ်မျိုး ပျိုးပင်ပေါင်း (၄၀၀)ကို အတူတကွ စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက် လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ဒုတ္တရပ်ကွက်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြု ရန်ပုံငွေကျပ် (၁၀၇.၇၀)သန်းဖြင့် စည်ပင်သာယာရေးအဖွဲ့က တာဝန်ယူ ဆောင်ရွက်ပြီးစီးခဲ့သည့် စက်မှုလက်မှုသိပ္ပံကျောင်းသွားလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာ ရှိက လမ်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ လမ်းသစ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးနှင့် ပူတာအိုအခြေချစစ်ဗျူ ဟာမှူးနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေး ခဲ့ကြသည်။
ထို့နောက် အစိုးရနည်းပညာကျောင်းသို့ သွားရောက်ပြီး ကျောင်းအုပ်ကြီး တာဝန်ရှိသူများနှင့် အတူ အခြေခံပညာ စက်မှု၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ အား အင်ဂျင်နီယာဘာသာရပ်၊ စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ခြင်းနည်းပညာနှင့် လျှပ်စစ် နည်းပညာသင်တန်းသင်ကြားနိုင်ရေး စာသင်ခန်းများအတွင်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ပြည်နယ် ဝန်ကြီးချုပ်က ကျောင်းအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။
ယင်းနောက် ပူတာအိုမြို့ တောင်တန်းသာသနာပြုကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်း ထိုင်ဆရာတော် အား ဖူးမြော်ကြည်ညိုကာ ဘုန်းတော်ကြီးကျောင်းအတွက် ဆန်၊ ဆီနှင့် စားသောက် ကုန်များကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပူတာအိုလေဆိပ်၌ လေဆိပ်အတွင်း သန့်ရှင်းသာယာ လှပရေး၊ သစ်ပင်ပန်းမံများဖြင့် စိမ်းလန်းစိုပြေနေရေး၊ မြေယာရှုခင်းပြုပြင်၍ အလှပန်းပင်များ စိုက် ပျိုးထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက်နိုင်ရေး မှာကြားခဲ့သည်။
ထို့အပြင် ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း လတ်တလော လမ်းပန်းဆက်သွယ် အခက်အခဲအရ ပူတာအိုဒေသအတွင်း လယ်ယာ၊ စက်မှုသုံးအတွက် စက်သုံးဆီပြတ်လပ်မှု အခက် အခဲမဖြစ်ပေါ်စေရေး ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မန္တလေးမှ တစ်ဆင့် တပ်မတော် လေယာဉ် Y-8 ဖြင့် ပူတာအိုသို့ တင်ပို့သည့် ပထမအသုတ်အဖြစ် ဒီဇယ်ပေပါအလုံး (၄၀)လုံး ပူတာအိုလေဆိပ်သို့ ရောက်ရှိလာခဲ့ရာ ပူတာအိုအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကျော်ဦး၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ တပ်မတော် သားများ၊ ခရိုင်နှင့်မြို့နယ်များမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဒီဇယ်ပေပါများအား စိစစ်လက်ခံ၍ စုပေါင်းသယ်ယူသိုလှောင်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်