ကလောမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသ

ကလော မေ ၃

ကျောင်းသား၊ ကျောင်းသူများအား ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေပြီး ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်မားစေရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာ (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ရာ မြို့ပေါ်ရပ်ကွက်နေ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်မားစေရေးအတွက် ကျောင်းအားလပ်ရက်များတွင် စာအုပ်စာပေများ ဖတ်ရှုလေ့လာသင့်ကြောင်းနှင့် စာဖတ်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးတို့ကိုလည်းကောင်း၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာအကြောင်း အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတများ တိုးပွားစေရေးအတွက်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)