ပျော်ဘွယ်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့်‌ အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်များမှ အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်

ပျော်ဘွယ် မေ ၃

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ယမန်နေ့ ညနေပိုင်းက ဒုတိယအကြိမ် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်ပျက်စီးခြင်း၊ အိမ်ပြိုလဲပျက်စီးခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်က လေပြင်းတိုက်ခတ်မှုဒဏ် ခံစားခဲ့ရသည့် ပြည်သူများကို အားပေးစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးကျော်က အိမ်ထောင်စုတစ်ခုချင်းအလိုက် ပျက်စီးဆုံးရှုံးမှု အခြေအနေပေါ်မူတည်၍ ထောက်ပံ့ပေးသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် အမိုးလန်ပျက်စီးသည့် ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း၊ နေအိမ်များ အမိုးလန်ပျက်စီးမှု (၆၇) အိမ်အတွက် အိမ်ဆောက်ပစ္စည်းများ ဝယ်ယူနိုင်ရန်နှင့် လူဦးရေ (၂၀၀) အတွက် ရိက္ခာငွေကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၉၃၈,၅၀၀/-) ကျပ်ကိုလည်းကောင်း၊ အိမ်ပြိုလဲသည့် အိမ်ထောင်စု (၂)စုအတွက် ကူညီထောက်ပံ့ရေးပစ္စည်း (၁၆)များ ပါဝင်သည့် ပစ္စည်းပုံးတို့ကိုလည်းကောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးခဲ့သည်။

ပျော်ဘွယ်မြို့နယ်အတွင်း မေလ(၂)ရက်နေ့၊ ညနေပိုင်းက ဒုတိယအကြိမ် လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာပေါင်း(၂၁)ရွာမှ ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း အမိုးလန် ပျက်စီးခြင်း၊ စာသင်ကျောင်း(၃)ကျောင်း အမိုးလန်ပျက်စီးခြင်း၊ နေအိမ် (၆၇)လုံး အမိုးလန် ပျက်စီးခြင်း၊ နေအိမ်(၂)လုံး ပြိုလဲခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)