ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရေချမ်းစင်ကျေးလက်ကျန်းမာရေးဌာန(ခွဲ) အဆောက်အဦးသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ပင်းတယ မေ ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ သရက်ကုန်းကျေးရွာအုပ်စု၊ ရေချမ်းစင်ကျေးရွာ၌ ယနေ့နံနက် ၉ နာရီက ရေချမ်းစင်ကျေးလက်ကျန်းမာရေးဌာန(ခွဲ) အဆောက်အဦးသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒေသအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများက ရေချမ်းစင်ကျေးလက်ကျန်းမာရေးဌာန(ခွဲ) အဆောက်အဦးသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ယင်းနောက် ရေချမ်းစင်ကျေးလက်ကျန်းမာရေးဌာန(ခွဲ) ဆိုင်းဘုတ်အား အမွှေးနံ့သာရေများ ပက်ဖျန်းပေးခဲ့ကြပြီး အဆောက်အဦးဆောက်လုပ်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် အဆောက်အဦးသစ်ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအစီအစဉ်အား အခြေခံပညာအလယ်တန်းကျောင်း(ရေချမ်းစင်)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကား ပြောကြားရာတွင် “ရေချမ်းစင်ကျေးလက်ကျန်းမာရေးဌာန(ခွဲ)ကို ၂၀၂၀ ခုနှစ်တွင် အသစ်တိုးချဲ့ ဖွင့်လှစ်ခွင့်ရရှိခဲ့ရာ ယခင်မူလတန်းကြိုကျောင်းနေရာ၌ ယာယီဖွင့်လှစ်ပြီး ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယခုကျေးလက်ကျန်းမာရေးဌာန(ခွဲ) အဆောက်အဦးသစ်အား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့တွင် ဆောက်လုပ်ခွင့်ရရှိခဲ့ပြီး Mega Light Co,Ltd ကတာဝန်ယူဆောက်လုပ်ခဲ့ရာ ရာနှုန်းပြည့်ဆောက်လုပ်ပြီးစီးပြီဖြစ်သောကြောင့် ကျေးလက်ကျန်းမာရေးဌာန(ခွဲ) အနီးအနားရှိ ကျေးရွာ(၄)ရွာမှ ကျေးလက်နေပြည်သူ(၃၅၆၀)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်း” ပြောကြားသည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမို့မို့ကြည်က ကျေးလက်ကျန်းမာရေးဌာန(ခွဲ) ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခဲ့ပြီး ရေချမ်းစင်ကျေးရွာမှ ကျေးရွာကိုယ်စားပြု ရပ်မိရပ်ဖတစ်ဦးက ကျေးလက်ကျန်းမာရေးဌာန(ခွဲ) အဆောက်အဦးသစ်ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ၂၀၂၄ခုနှစ်၊ မေလ ၂ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပင်းတယမြို့နယ်၊ ကျုံးကျေးရွာအုပ်စု၊ အ.ထ.က(ကျုံး)စာသင်ကျောင်းနှင့် ဆိုင်းဘုတ်ပြိုကျပျက်စီးခဲ့ကြောင်း၊ ပွေးလှကျေးရွာအုပ်စု၊ ပွေးလှကျေးရွာတွင် အထက(ပွေးလှ)စာသင်ကျောင်းမှ စာသင်ကျောင်းဆောင် (၂)ဆောင် အမိုးလှန်ကာ မျက်နှာကျက် ပြိုကျပျက်စီးပြီး ပြတင်းပေါက်မှန်များ ထိခိုက်ပျက်စီးခဲ့‌ကြောင်းနှင့် ပွေးလှကျေးရွာအုပ်စု မြို့တောင်ကျောင်းရှေ့နှင့် အ.ထ.က(ပွေးလှ) စာသင်ကျောင်းရှေ့ (၄၀၀)ဗို့အားလိုင်း ဓာတ်တိုင်(၂)တိုင် ပြိုကျပျက်စီးခဲ့ပြီး ပွေးလှကျေးရွာအုပ်စု စင်္ကြာကုန်းကျေးရွာအတွင်းရှိ လူနေအိမ်(၁၁)လုံးနှင့် ကြက်အကောင်ရေ(၄၅၀၀)ခန့် မွေးမြူထားရှိသည့် ကြက်မွေးမြူရေးခြံ (၁)ခြံ ပြိုကျပျက်စီးခဲ့ကြောင်း၊ ပွင့်လန်းကျေးရွာအတွင်းရှိ လူနေအိမ်(၂၇)လုံး၊ ရှောက်ပင်ကျေးရွာအတွင်းရှိ လူနေအိမ်(၃)လုံးနှင့် ရှောက်ပင်ကျေးရွာတောင်ဘက် တောင်ပေါ်ဘုရားရှိ ဇရပ်(၁)ဆောင်တို့ အမိုးလှန်ထိခိုက်ပျက်စီးခဲ့ကြောင်းနှင့် ကူးကော်ကျေးရွာအုပ်စု စံသီးကုန်းကျေးရွာအတွင်းရှိ လူနေအိမ်(၁၁)လုံး၊ ကျောက်ကြားကျေးရွာအတွင်းရှိ လူနေအိမ်(၅)လုံး၊ မြင်းမူကျေးရွာအုပ်စု ရေပုတ်ကျေးရွာအတွင်းရှိ လူနေအိမ်(၄)လုံး၊ မြင်းမူကျေးရွာမှ လူနေအိမ်(၁)လုံးတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရပြီး ထိုသို့ပျက်စီးဆုံးရှုံးမှုအခြေအနေများအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးခဲ့ကြပြီး ထောက်ပံ့ငွေများပေးအပ်ကာ ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ပြုပြင်တည်ဆောက် နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)