ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ်အထိမ်းအမှတ် ကလေးများအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းအခမ်းအနား ကျင်းပ

ပေါင် မေ ၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၄ ခုနှစ်)အထိမ်းအမှတ် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းအခမ်းအနားကို ယနေ့နံနက်က ပေါင်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပေါင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းညွန့်ဝင်းနှင့် တာဝန်ရှိသူတို့က ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းဖြင့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများကြောင့် သေဆုံးမှုကိုလျှော့ချပြီး ကလေးများ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကြောင်း အသိပညာပေး ဆွေးနွေး ပြောကြားသည်။

ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက ပေါင်မြို့ပေါ်ရှိ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယို၊ ဝက်သက်၊ ဂျိုက်သိုး ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောဖြစ်စေတတ်သော (Rota) ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)