မြင်းခြံ မေ ၃
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၆)ရပ်ကွက်၌ ယမန်နေ့နံနက်(၁၁:၂၀)နာရီ အချိန်ခန့်က လျှပ်စစ်ရေနွေးအိုး(၃ မိနစ်ရေနွေးအိုး) အသုံးပြုရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နေအိမ်တွင် လျှပ်စစ်ရေနွေးအိုး(၃ မိနစ်ရေနွေးအိုး) အပူလွန်ကဲရာမှ အနီးရှိ ထရံအား မီးကူးစက်လောင်ကျွမ်းရာ သွပ်မိုး၊ ထရံကာ နေအိမ်(၁၃)လုံးနှင့် RC (၁) ထပ်အိမ် (၂)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ခရိုင်မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်သက်လှိုင် ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် (၆) စီး၊ မီးသတ်ရေသယ်ယာဉ် (၆) စီး၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုသန့် ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် (၃) စီး၊ မီးသတ်ရေသယ်ယာဉ် (၁) စီး၊ မြင်းခြံနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂) စီး၊ မီးသတ်ရေသယ်ယာဉ် (၁) စီး၊ ထနောင်းတိုင်နယ်မြေ မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁) စီး၊ စက်မှုဇုံအရန် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ အဖြူရောင်လက်များ ပရဟိတအသင်းမှ ရေသယ်ယာဉ် (၁) စီး၊ OK Group မှ ရေသယ်ယာဉ် (၁) စီး၊ နတ်ကြီးပင် ပရဟိတအသင်းမှ ရေသယ်ယာဉ် (၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀၀) ဦးဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ကြသည်။
မီးလောင်မှုစတင်ဖြစ်ပွားသည့် အိမ်ပိုင်ရှင်အား မြင်းခြံမြို့မရဲစခန်းမှ (ပ) ၃၆/၂၀၂၄ ပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)