ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးသက်လေပြင်းကျရောက်မှုကြောင့် မင်းခေါင်းတောင်ကျေးရွာအုပ်စု၌ လူနေအိမ်များ အမိုးလန်ပျက်စီးမှုဖြစ်ပေါ်

ကျောက်ပန်းတောင်း မေ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မေလ(၂)ရက်နေ့ ညနေ(၄:၃၀)နာရီခန့်က မိုးနှင့်အတူ လေပြင်းများကျရောက်ခဲ့ရာ၊ မင်းခေါင်းတောင်ကျေးရွာအုပ်စုရှိ မင်းခေါင်းတောင်ကျေးရွာ၊ စည်သာကျေးရွာနှင့် အောင်ချမ်းသာကျေးရွာတို့တွင် လူနေအိမ်(၇)လုံး အမိုးလန်ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးသက်လေပြင်းကြောင့် မင်းခေါင်းတောင်ကျေးရွာအုပ်စု၊ မင်းခေါင်းတောင်ကျေးရွာနေ ဦးတင်အောင်(ဘ) ဦးလက်မ၏ (၄)ပင်ပတ်လည် သွပ်မိုး၊ ထရံကာ၊ ကြမ်းခင်း(၂)ထပ်နေအိမ်ပေါ်သို့ လုံးပတ်(၁)ပေခွဲရှိ တမာပင်ပြိုလဲခဲ့ရာ၊ အဆိုပါနေအိမ်မှ ဒိုင်း/မြား(၁၁)ချောင်း၊ ၁၂ ပေသွပ်(၈)ချပ်၊  မင်းခေါင်းတောင်ကျေးရွာအုပ်စု စည်သာကျေးရွာနေ ဒေါ်ဝက်မ(ဘ)ဦးချစ်လှိုင်၏ ၃ပင်ပတ်လည်၊ သွပ်မိုး၊ ထရံကာ၊ ၁ ထပ် လူနေအိမ်မှ ၈ ပေသွပ်(၂၄)ချပ်၊ ဒိုင်း/မြား(၂)ချောင်း၊ ဝါး(၂၀)လုံး ပျက်စီးဆုံးရှုံးခဲ့သည်။

အလားတူ မင်းခေါင်းတောင်ကျေးရွာအုပ်စု အောင်ချမ်းသာကျေးရွာတွင် ဦးလှလေးမြင့်(ဘ)ဦးဝင်းဆောင်၏ ၄ ပင်ပတ်လည်၊ (၁)ထပ် သွပ်မိုး၊ ထရံကာလူနေအိမ်မှ ၁၀ပေသွပ် (၅)ချပ်၊ ဒေါ်စိန်ဌေး(ဘ)ဦးကြည်မောင်၏ ၄ ပင်ပတ်လည်၊ (၁)ထပ် သွပ်မိုး၊ ထရံကာလူနေအိမ်မှ ဒိုင်း/မြား(၇) ချောင်း၊ ၈ ပေသွပ် (၈)ချပ်၊ ဦးရှိန်(ဘ)ဦးသာတင်၏ ၄ ပင်ပတ်လည်၊ (၁)ထပ် သွပ်မိုး၊ ထရံကာလူနေအိမ်မှ  ၁၀ ပေသွပ်(၅)ချပ်၊ ဦးလှကြင်(ဘ)ဦးမှုံ၏ ၄ ပင်ပတ်လည် (၁)ထပ် သွပ်မိုး၊ ထရံကာလူနေအိမ်မှ ထရံ(၅)ချပ်နှင့် ဒေါ်ရီထွေး(ဘ)ဦးဘိုးကေ၏ ၄ ပင်ပတ်လည် ၁ထပ် သွပ်မိုး ထရံကာ လူနေအိမ်မှ ၁၀ ပေ သွပ်(၅)ချပ်၊ ထရံ(၄)ချပ်တို့ အမိုးလန်ပျက်စီးခဲ့သည်။

အဆိုပါ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနေအိမ်များ အမိုးလန်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သော်လည်း လူနှင့်တိရစ္ဆာန်ထိခိုက်မှု မရှိကြောင်းနှင့် အဆိုပါ သဘာဝဘေးဒဏ်သင့်ကျေးရွာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်၊ အတွင်းရေးမှူး ရဲမှူးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ပျက်စီးခဲ့သည့်လူနေအိမ်များ အမြန်ဆုံးပြန်လည်ပြုပြင်ရေးနှင့် လတ်တလော လိုအပ်သည်များကို သက်ဆိုင်ရာ ကျေးရွာရပ်မိ/ ရပ်ဖများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)