မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှစ်ဦးအကြို အန္တရာယ်ကင်း အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲ တက်ရောက်ကြည်ညို

မော်လမြိုင် မေ ၃

မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပ‌သော နှစ်ဦးအသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ကျိုက်သလ္လံစေတီတော်ရင်ပြင် ပဋ္ဌာန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်ဧည့်ပရိသတ်များ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မော်လမြိုင်မြို့၊ အောက်ကျင်းရပ်ကွက်၊ သာသနာ့မာရ်အောင်ဝဲပျံစာသင်တိုက်ကျောင်း ဦးစီးပဓာနနယကဆရာတော် ဘဒ္ဒန္တနန္ဒဝံသ(မဟာဂန္ထဝါစကပဏ္ဍိတ)ထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပဋ္ဌာန်းကျမ်းစာအုပ်နှင့် ပဋ္ဌာန်းအိုးများ၊ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆရာတော်အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းကာ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အလှူရှင်အပေါင်းတို့က သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး နတ်ဗြဟ္မာများအား ပင့်ဖိတ်ကာ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ ပိဋကတ်တိုက်ကျောင်းဆရာတော် ဘဒ္ဒန္တပညာဝံသက ပဋ္ဌာန်းရောင်ခြည်တော်ဖွင့်ဂါထာကို ရွတ်ဖတ်ပူဇော်ပြီး မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ရွှေတောင်ကျောင်းဆရာတော် ဘဒ္ဒန္တဝိမလ၊ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဓမ္မကထိကဗဟုဇနဟိတဓရ၊ ဂန္တဝါစကပဏ္ဍိတ)ထံမှ အနုမောဒနာတရား နာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဆရာတော်သံဃာတော်များ ဦးဆောင်၍ ပရိတ်သတ်အားလုံးက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို သံပြိုင် သုံးကြိမ် ရွတ်ဖတ်ပူဇော်ကြသည်။

ဆက်လက်၍ ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ရန် တိုက်တွန်းလွှာဂါထာကို မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ရွှေတောင်ကျောင်းမှ ဦးဝိဝေကက ရွတ်ဖတ်ပူဇော်ကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သံဃာတော်အရှင်သူမြတ်များ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်နေမှုကို ကြည်ညိုခဲ့ကြပြီး ဆရာ‌တော် သံဃာ‌တော်များအား‌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့‌ကြောင်း သိရသည်။

အဆိုပါ အန္တရာယ်ကင်းအသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို မေလ ၂ ရက်‌​နေ့မှ မေလ ၉ ရက်အထိ ၇ ရက်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)