ချမ်းမြသာစည် မေ ၃
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့သည် ယမန်နေ့မွန်းလွဲ ၂:၅၀ နာရီက မဟာမြတ်မုနိဘုရားကြီးအား ဖူးမြော်ကြည်ညိုပြီး ဘုရားကြီးဂေါပကဥက္ကဋ္ဌ ဦးမြ၀င်းနှင့် ဂေါပကအဖွဲ့တို့အား တွေ့ဆုံ၍ သာသနာရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မဟာမြတ်မုနိဘုရားကြီးအား ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ခဲ့ကြသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်နှင့် ဝန်ကြီးချုပ် ဦးမျိုးအောင်တို့အဖွဲ့သည် ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ၈၂ လမ်းရှိ ဒက္ခိဏရာမဘုရားကြီး ကျောင်းတိုက်၊ ဆင်မင်းကျောင်းသို့ရောက်ရှိပြီး နိုင်ငံတော် ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ဆင်မင်းကျောင်းဆရာတော် ဘဒ္ဒန္တသြဘာသာဘိဝံသအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းနှင့် ဥပ္ပါတသန္တိကျမ်းစာအုပ်များအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အလားတူ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အသောကရာမကျောင်းတိုက်အတွင်းရှိ ကံသာကျောင်းတိုက်သို့ သွားရောက်၍ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ဘဒ္ဒန္တပညာ၀ရ နှင့် မဟာဓမ္မိကာ ရာမကျောင်းတိုက်၊ မိတ္တီလာကျောင်းတိုက်သို့ ရောက်ရှိပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော်ဘဒ္ဒန္တ သုဇနပီယတို့အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းနှင့် ဥပ္ပါတသန္တိကျမ်းစာအုပ်များကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ချမ်းမြေ့