မိုးရွာသွန်းမှုကြောင့် ကျောက်ပန်းတောင်း-မိတ္ထီလာသွား ကားလမ်းမပေါ်တွင် ပြိုလဲခဲ့သည့် ထန်းပင်နှင့် ထနောင်းပင်များကို မြို့နယ်မီးသတ်ဦးစီးဌာနက အမြန်ဆုံးဖယ်ရှားလင်းလင်းပေးခဲ့

ကျောက်ပန်းတောင်း မေ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ယမန်နေ့ မွန်းလွဲ(၃)နာရီခန့်က မိုးနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ အနည်းငယ် ဖြစ်ပေါ်ခဲ့ရာ အင်တောကျယ်ကျေးရွာအုပ်စု၊ အင်တောကျယ် ကျေးရွာအနီး ကျောက်ပန်းတောင်း- မိတ္ထီလာသွား ကားလမ်းမပေါ်တွင် ထန်းပင်တစ်ပင်နှင့် ထနောင်းပင်တစ်ပင် ပြိုလဲမှုဖြစ်ပေါ်ခဲ့ကြောင်းသိရပြီး ကားလမ်းပိတ်ဆို့မှု မဖြစ်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များမှ အမြန်ဆုံးသွားရောက် ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ထန်းပင်နှင့် လုံးပတ်(၂)ပေ၊ အရှည်ပေ(၃၀)ရှိ ထနောင်းပင် ပြိုလဲမှုမှာ အင်တောကျယ်ကျေးရွာအနီး ကျောက်ပန်းတောင်း-မိတ္ထီလာသွား ကားလမ်း၊ မြတ်နိုးသူ တိုးဂိတ်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်လင်းနှင့်တပ်ဖွဲ့ဝင်များက Ranger မီးသတ်စက်ယာဉ်ဖြင့် ထွက်ခွာ၍ ကားလမ်းပိတ်ဆို့မှုမဖြစ်ပေါ်စေရေးအတွက် ပြိုလဲကျသည့် ထန်းပင်နှင့် ထနောင်းပင်တို့မှ သစ်ပင်/ သစ်ကိုင်းများ ဖြတ်တောက် ဖယ်ရှားခြင်းတို့ကို အမြန်ဆုံး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)