ကျောက်ဆည် မေ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ ကုတင်(၂၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့နံနက်(၉)နာရီခွဲက ကျန်းမာရေးဝန်ထမ်း (၁၅၀)ဦးအား တစ်ဦးလျှင် အာဟာရပစ္စည်း(၅)မျိုးစီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်က ယခုအခါ ရာသီဥတုပူပြင်းသောကြောင့် ကျောက်ဆည်မြို့ အထွေ ထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ဖျားနာလူနာများအပြင် အပူလွန်ကဲမှုကြောင့်(Heat Stoke) လူနာများတက်ရောက်ကုသလျက်ရှိရာ ကျန်းမာရေးဝန်ထမ်းများ ကျန်းမာနေမှ လူနာများကို အပြည့်အဝစောင့်ရှောက်ကုသပေးနိုင်မည်ဖြစ်၍ အာဟာရဖြစ် အစားအစာများလှူဒါန်း ပေးရခြင်းဖြစ်ကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက ကျန်းမာရေးဝန်ထမ်းများအတွက် အာဟာရပြည့်ပစ္စည်းများဖြစ်သည့် ကြက်ဥ၊ ဒိန်ချဉ်၊ ရေသန့်၊ ငှက်ပျောသီး၊ Royal D စသည့် အာဟာရ ဖြစ်အစားအစာများကိုအလှူရှင်များ၊ မြို့မိ၊မြို့ဖများနှင့် ပူးပေါင်း၍ ထောက်ပံ့ပေးအပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့်တာဝန်ရှိသူများက ဆေးရုံအုပ်ကြီး ဒေါက်တာတင်လှနှင့် ကျန်းမာရေး ဝန်ထမ်းများအား အာဟာရဖြစ်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ရာ ဆေးရုံအုပ်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ဇော်ဦးနှင့်အဖွဲ့ဝင်များက Heat Stoke လူနာများများပြားနေသည့်အတွက် ရေခဲပြတ်လတ်မှု မရှိစေရေးရေခဲတုံးပေါင်(၁၀၀)တုံး(၆)တုံးထပ်မံဖြည့်ဆည်းလှူဒါန်းပေးခဲ့ပြီးHeat Stoke လူနာကုသဆောင်နှင့် ရေခဲထားရှိမှု၊ရေချိုးကန်ထားရှိသည့်အခန်းများ၊ ကလေးလူနာဆောင်များနှင့် အောက်စီဂျင်စက်ထားရှိသည့်အခန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာ ဆေးရုံအုပ်ကြီးဒေါက်တာတင်လှနှင့် တာဝန်ရှိသူများကကလေးသီးသန့် လူနာဆောင်ပျက်စီးနေမှုများအားပြင်ဆင်ခွင့်ရရှိရေးလိုအပ်ချက်များတင်ပြခဲ့ရာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ တင်ပြတောင်းခံပေးသွားမည် ဖြစ်ကြောင်း သိရှိရပြီး ကျောက်ဆည်မြို့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် Heat Stoke လူနာ (၉)ဦး၊ အခြားအထွေထွေရောဂါများဖြင့် ဆေးဝါးကုသခံနေသူ(၁၂၈)ဦး၊ စုစုပေါင်း(၁၃၇)ဦး ဆေးဝါး ကုခံယူလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)