ထန်းတပင်(ရန်ကုန်)၊ မေ ၃
ရန်ကုန်တိုင်းဒသကြီး၊ ထန်းတပင်မြို့နယ်အတွင်း စပါးအထွက်နှုန်းများ တိုးတက်လာစေရန်အတွက် တောင်သူအသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့နံနက်ပိုင်းက ရေပေါ်သောင်ကျေးရွာအုပ်စု၊ ရေပေါ်သောင်ကျေးရွာ၌ (၂၀၂၄-၂၀၂၅)ခုနှစ် မိုးစပါးစိုက်ရာသီတွင် မျိုးစေ့ချကိရိယာ (Seeder)အသုံးပြု၍ စပါးစိုက်ပျိုးနိုင်ရေး တောင်သူအသိပညာပေး ဆွေးနွေးခြင်းနှင့် စပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးထားရှိသည့် နွေစပါးများအား စံကွက်ရိတ်သိမ်းပွဲကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုက စပါးတစ်ဧက အထွက်နှုန်းအပြည့်အဝ ထွက်ရှိရေးနှင့် စပါးမျိုးစေ့ချကိရိယာ (Seeder) အသုံးပြုရခြင်း၏ အကျိုးကျေးဇူးများကို တက်ရောက်လာကြသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ တောင်သူများကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် တာဝန်ရှိသူများက တောင်သူများကို ဆင်းသုခ မျိုးကောင်း/မျိုးကောင်းသန့် စပါးမျိုးများအား ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ရေပေါ်သောင်ကျေးရွာရှိ ကွင်း (၁၂၃-က)၊ ဦးပိုင်အမှတ်-၅၈၊ တောင်သူဦးကျော်ခိုင်၏ ဆင်းသုခစံပြစိုက်ခင်း စိုက်ဧက(၃)ဧကတွင် စပါးမျိုးစေ့ချကိရိယာ (Seeder)ဖြင့် စိုက်ပျိုးထားရှိသည့် နွေစပါး(၀.၁၀)ဧကကို စပါးချွေလှေ့စက်ဖြင့် စံကွက်ရိတ်သိမ်းခဲ့ကြရာ တစ်ဧကအစို အထွက်နှုန်းအနေဖြင့် (၁၂၁.၁၂)တင်းနှုန်းနှင့် အခြောက်အထွက်နှုန်းအနေဖြင့် (၁၁၀)တင်းနှုန်းထွက်ရှိကြောင်း သိရသည်။
ထန်းတပင်မြို့နယ်အတွင်း (၂၀၂၃-၂၀၂၄) ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် နွေစပါးသီးထပ်လျာထား စိုက်ဧက(၃၃၂၅၄)ဧက ရှိသည့်အနက် ဧကပေါင်း(၄၇၄၂၇)ဧကကို စိုက်ပျိုးနိုင်ခဲ့ကြပြီး လျာထားဧကထက် (၁၄၁၇၃)ဧကကို ကျော်လွန်အောင် စိုက်ပျိုးနိုင်ခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)