မင်္ဂလာဒုံမြို့နယ်တွင် ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ခြင်း အခမ်းအနားပြုလုပ်

မင်္ဂလာဒုံ မေ ၃

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် (ဧပြီလမှမတ်လ) အထိ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်း အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ (၂) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးကျော်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာစမ်းက (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်အတွင်း စီမံကိန်းရည်မှန်းချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုနှင့် (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်အတွက် စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ထားမှု အခြေအနေတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး တင်ပြခဲ့သည်။

ထို့နောက် (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်အတွက် ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူး‌ကျော်က သက်ဆိုင်ရာ ဌာနဆိုင်ရာများသို့ ကဏ္ဍအလိုက် အသီးသီးပေးအပ်ခဲ့သည်။ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပုဂ္ဂလိကများ၊ တပ်မတော်အထည်ချုပ်စက်ရုံမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဌေးလင်း (ပြန်/ဆက်)