မိုင်းတုံမြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု‌ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများစုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းတုံ မေ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ မြို့နယ်အစည်းအ‌ဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု‌ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများစုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ၂ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းတုံမြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်စု‌အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ စုပေါင်း၍ လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်‌ပေးခြင်းသည် မိမိတို့လုပ်‌နေသည့် လုပ်ငန်းများအ‌ပေါ် ကြုံတွေ့ရသည့်အခက်အခဲများကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် စီစဉ်ပေးခြင်း၊ မိမိတို့ကြုံရသည့် အခက်အခဲများကို‌ ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်မှသာ လုပ်ငန်းတိုးတက်အောင်မြင်မှုရရှိခြင်း၊‌ နွေရာသီကာလဖြစ်သည့်အတွက် သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးနိုင်‌ရေးအတွက် ကျေရွာများသို့ကွင်းဆင်း၍ တောမီးမရှို့ရေးအတွက် အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်ကြောင်း၊ ရပ်ကျေးစာရေးများကလည်း မိမိတို့လုပ်ရမည့်လုပ်ငန်းကို အချိန်နှင့်တစ်ပြေးညီ တင်ပြနိုင်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း စသည်တို့ကိုပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်လဝကဦးစီးအရာရှိ ဦးအောင်အောင်ထွန်းက ပန်းခင်းစီမံချက်(၃)လုပ်ငန်းနှင့်လည်းကောင်း၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း‌ကောက်ယူ‌နေမှုနှင့်ပတ်သက်၍ အကျယ်တစ်ဝင့်ရှင်းလင်းခြင်း၊ မြို့နယ်ရဲမှူး မြင့်အောင်က ရပ်ရွာလုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်း ပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ နယ်မြေလုံခြုံရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် မသင်္ကာဖွယ်သိရှိပါက သက်ဆိုင်ရာသို့ အချိန်မီသတင်းပေးပို့ရန်လိုကြောင်း ရှင်းလင်း‌ပြောကြားခဲ့သည်။

ဆက်လက်၍ တက်‌ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု‌ အုပ်ချုပ်ရေးမှူးများမှ မိမိတို့ဆောင်ရွက်နေမှုနှင့် ကြုံတွေ့ရသည့် အခက်အခဲများကို အပြန်အလှန်ဆွေးနွေးခဲ့ပြီး   မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မိုးက ဆွေးနွေးမှုအပေါ် လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)