မြင်းခြံ မေ ၃
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ဧပြီလ (၃၀) ရက်နေ့ နံနက် (၈:၃၅) နာရီ အချိန်က အမှတ် (၁၈) ရပ်ကွက်နှင့် နံနက် (၁၁:၁၆) နာရီ အချိန်က အမှတ် (၈) ရပ်ကွက်တွင် မီးလောင်မှု ဖြစ်ပွားခြင်းကြောင့် မီးဘေးသင့် အိမ်ထောင်စုများ ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ (၄) နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
ဧပြီလ (၃၀) ရက်နေ့ နံနက် (၈:၃၅) နာရီ အချိန်ခန့်တွင် အမှတ် (၁၈) ရပ်ကွက်၌ ကလေးငယ်များ ဂတ်စ်မီးခြစ်ဆော့ကစားရာမှ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စု (၄) စု၊ လူဦးရေ (၁၃) ဦးတို့အတွက် ပစ္စည်း(၁၆)မျိုးပါ ကယ်ဆယ်ရေးသေတ္တာပုံး (၄) ပုံး၊ အိမ်ပြန်လည်တည်ဆောက်ရန် ထောက်ပံ့ငွေ (၄၀၀၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၂၇၃၀၀) ကျပ်ကို လည်းကောင်း၊ ဧပြီလ (၃၀) ရက်နေ့ နံနက် (၁၁:၁၆) နာရီ အချိန်ခန့်တွင် အမှတ် (၈) ရပ်ကွက် ၌ လျှပ်စစ်မိန်းခုံ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားသည့် အိမ်ထောင်စု (၄) စု၊ လူဦးရေ (၁၁) ဦးတို့အတွက် အိမ်ပြန်လည်တည်ဆောက်ရန် ထောက်ပံ့ငွေ (၂၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၂၃၀၀၀) ကျပ်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဒေါ်ရတနာမြင့်တို့မှ ပေးအပ်ခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်မှ ပြည်သူများအနေဖြင့် နွေရာသီဖြစ်သည့်အတွက် လျှပ်စစ်အန္တရာယ် မဖြစ်ပွားစေရေး၊ မီးလောင်လွယ်သည့် ပစ္စည်းများ ကို စနစ်တကျ ကိုင်တွယ်သုံးစွဲထိန်းသိမ်းဖို့အတွက် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)