ဒဂုံအရှေ့ မေ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရပ်ကွက်နေပြည်သူများ နွေရာသီကာလတွင် သောက်သုံးရေအခက်အခဲမဖြစ်ပေါ်စေရန်နှင့် အဆင်ပြေမှုရှိစေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာန၏ စီစဉ်မှုဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းခြင်းကို (၁၂၀)ရပ်ကွက်ရှိ ဓမ္မသိင်္ဂါရသာမဏေကျော်ကျောင်းတိုက်၊ အမှတ်(၁၄)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်ရှိ ပြည်သူများထံသို့ ယမန်နေ့နံနက် (၁၀)နာရီက သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရပ်ကွက်များသို့ သောက်သုံးရေများ သွားရောက်လှူဒါန်းပေးရာတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်၏ ကြီးကြပ်မှုဖြင့် ဒုတိယဦးစီးမှူး ဦးနိုင်ဝေထိုက် ဦးစီး၍ သန္ဓေ ၅ ဦး၊ အရန်တပ်ဖွဲ့ဝင် (၂)ဦးတို့က အိမ်ခြေ (၁၅၀)ခန့်အား မီးသတ်ရေသယ်ယာဉ် ၁ စီးဖြင့် ရေဂါလံ (၄၈၀၀)ဂါလံအား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ