ချောင်းဆုံ မေ ၂
မွန်ပြည်နယ်မီးသတ်ဦးစီးဌာနမှ မေလ (၅)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သောက်သုံးရေရှားပါးသည့် ကျေးရွာများသို့ သောက်သုံးရေများ သွားရောက်လှူဒါန်းခြင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပရဟိတအဖွဲ့များနှင့်ပူးပေါင်းကာ ယမန်နေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာ၊ ကော့မုပွန်ကျေးရွာနှင့် ဒေါင်းရပ်အနောက်ကျေးရွာတို့တွင် သောက်သုံးရေ (၁၇၃၅၀) ဂါလံနှင့် (၂၀)လီတာဆံ့ ရေသန့်ဘူး (၂၀၀)တို့ကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
သောက်သုံးရေရှားပါးသည့် ဒေသများကို လမ်းညွှန်ချက်များနှင့်အညီ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ ပုံမှန်သွားရောက်လှူဒါန်းလျက်ရှိကြောင်း၊ ကျွန်းမြို့ဖြစ်သော်လည်း ရေချိုရရှိမှုနည်းပါသော ချောင်းဆုံမြို့နယ်ရှိ ကျေးရွာများသို့ လာရောက်လှူဒါန်းရခြင်းဖြစ်ကြောင်း၊ အပူချိန်များခြင်းနှင့်ပတ်သက်၍လည်း ပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း မွန်ပြည်နယ် မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်က ပြောကြားခဲ့သည်။
အဆိုပါ သောက်သုံးရေ ကွင်းဆင်းလှူဒါန်းခြင်းကို မီးသတ်ဦးစီးဌာန ရေသယ်ယာဉ် (၅) စီး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရေသယ်ယာဉ် (၁)စီးနှင့် ပရဟိတအဖွဲ့များမှ ရေသယ်ယာဉ် (၅) စီး စုစုပေါင်း ရေသယ်ယာဉ် (၁၁)စီးတို့ဖြင့် သောက်သုံးရေ (၁၇၃၅၀)ဂါလ့နှင့် (၂၀)လီတာဆံ့ ရေသန့်ဘူး (၂၀၀)တို့ကို ကျေးရွာများရှိ ရေလှောင်ကန်နှင့် နေအိမ်များအရောက် အခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)