ရွှေပညာဒါန(အခမဲ့)အသိပညာပေးရွှေသင်တန်းနှင့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်း ဖွင့်လှစ်

ရန်ကုန် မေ ၃                              

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးဖွင့်လှစ်သည့် (၃၂)ကြိမ်မြောက် ရွှေပညာဒါန(အခမဲ့)အသိပညာပေးရွှေသင်တန်းနှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်း အမှတ်စဉ်(၁၃)ကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေဘုံသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရုံး၌ ကျင်းပရာ ကျောက်တံတားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းနာယက ဦးစန်းလွင်း၊ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများ၊ ရွှေလုပ်ငန်းကို စိတ်ပါဝင်စားသည့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကျောက်တံတားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာက အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်ဥက္ကဋ္ဌ ဦးမျိုးမြင့်က သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းပြောကြားရာတွင် ရွှေဈေးကွက်အတွင်း ရောင်းမှားဝယ်မှားများမဖြစ်ပေါ်စေရန်နှင့် အလုပ်ကိုင်အခွင့်လမ်းများတိုးပွားလာစေရန်အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

သင်တန်းတွင် ငွေကြေးခဝါချအသိပညာပေးခြင်း၊ ရွှေတူးဖော်ခြင်း၊ ရွှေသန့်စင်ခြင်းနှင့် မီးလင်းရွှေဈေးကွက်ရောင်းဝယ်ခြင်း၊ ရွှေဆိုင်ဖွင့်ရန် အခြေခံတွက်ချက်နည်း၊ ရွှေပန်းထိမ်၊ ရွှေဒင်္ဂါး/ငွေဒင်္ဂါး ရွှေအပေါင်ခံခြင်း၊ ကျောက်မျက်ပညာ၊ အသုံးချရွှေသင်္ချာ၊ ရွှေဆိုင်ဖွင့်လှစ်ခြင်း အစရှိသည့် ဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

သင်တန်းကို မေ(၂)ရက်နေ့မှ (၁၁)ရက်နေ့အထိ နေ့စဉ် နံနက်(၈)နာရီမှ (၁၀)နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ရာ သင်တန်းသား၊ သင်တန်းသူ (၁၅၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)